ရှေ့သို့
Image

ကလော့ပ်လက်အောက်မှာ ကစားဖို့ နီးစပ်ခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ဒီဘရိုင်း

3:40 PM, 7 March

မန်ချက်စတာစီးတီးရဲ့ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင်ဒီဘရိုင်းက သူဟာ တစ်ချိန်တုန်းက လက်ရှိလီဗာပူးနည်းပြ ယာဂင်ကလော့ပ်ရဲ့လက်အောက်မှာ ကစားဖို့ နီးစပ်ခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ချဲလ်ဆီး ကစားသမားဟောင်းဖြစ်ခဲ့ဖူးတဲ့ ဒီဘရိုင်းဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ရှိနေစဉ်က ဂျာမန်ကလပ် ဝါဒီဘရီမင်ကို အငှားနဲ့သွားရောက်ကစားခဲ့ဖူးပြီး ထိုစဉ်က ဒေါ့မွန်ကို ကိုင်တွယ်နေတဲ့ ယာဂင်ကလော့ပ်ထံ ရောက်ရှိဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းဟာ ဒေါ့မွန်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခွင့်ရခဲ့ပေမယ့် ထိုစဉ်က ချဲလ်ဆီးကိုနည်းပြနေတဲ့ ဟိုဆေးမော်ရင်ဟိုက ကစားသမားကို အင်္ဂလန်ကိုသာ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ယခုအခါ ဒီဘရိုင်းက “ကျွန်တော် ချဲလ်ဆီးမှာရှိနေတုန်းက အငှားချခံရမယ်ဆိုတာ သိနေခဲ့ပါတယ်။ ကျွန်တော် ရာသီကြိုကို ချဲလ်ဆီးနဲ့အတူ ဖြတ်သန်းခဲ့ပေမယ့် ရာသီအစမှာတော့ ဝါဒါဘရီမင်ကို ရောက်ရှိခဲ့ပြီး ကောင်းမွန်တဲ့ရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ နွေရာသီရောက်တော့ ကျွန်တော် ကလော့ပ်ကိုင်တွယ်နေတဲ့ ဒေါ့မွန်ကို ရွေးချယ်ဖို့အခွင့်အရေးရှိခဲ့ပေမယ့် မော်ရင်ဟိုက ကျွန်တော့်ကို ချဲလ်ဆီးမှာပဲ ဆက်နေစေချင်ခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးမှာ အဆင်မပြေခဲ့ပါဘူး။ ကျွန်တော်က စိတ်သိပ်မရှည်ဘဲ ဘောလုံးကစားဖို့ပဲ ကြိုးစားနေခဲ့လို့ပါ” လို့ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုက ဒီဘရိုင်းကို ချဲလ်ဆီးမှာ ထိန်းသိမ်းထားနိုင်ခဲ့ပေမယ့် လုံလောက်တဲ့ ပွဲထွက်ခွင့်ကို ပေးအပ်နိုင်ခဲ့ခြင်းမရှိတာကြောင့် ဘယ်လ်ဂျီယံလက်ရွေးစင် ကစားသမားဟာ ၂၀၁၃-၁၄ ရာသီပထမနှစ်ဝက်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲသာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ ကစားသမားဟာ ဝုဖ်ဘတ်ကို အပြီးသတ်ပြောင်းရွေ့ခဲ့ပြီး ကြယ်ပွင့်ကစားသမားဖြစ်လာခဲ့ကာ နောက်ပိုင်းမှာတော့ မန်စီးတီးက အမိအရခေါ်ယူနိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး ချဲလ်ဆီးမှာ ရှိနေစဉ်က သူနဲ့ထိုက်တန်တဲ့ ပွဲထွက်ခွင့်ကို ရရှိခဲ့သလားလို့မေးမြန်းခဲ့ရာ ဒီဘရိုင်းက “ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ချဲလ်ဆီးမှာ ကစားသမားကောင်းတွေက အများကြီးရှိနေတော့ ကျွန်တော့်အတွက် နေရာမရှိခဲ့ပါဘူး။ လူငယ်ကစားသမားတွေ အနေနဲ့ ဒီလိုထိပ်တန်းအသင်း တစ်သင်းမှာဆိုရင် အငှားချခံလိုက်၊ အသင်းကို ပြန်လာလိုက်နဲ့ ဒီလိုပဲသွားတော့မှာပါ။ ကျွန်တော်က ဒီလိုအခြေအနေမျိုးကို ထပ်မလိုချင်တော့ပါဘူး။ ဒါကြောင့် အပြီးသတ်အရောင်းခံရဖို့ နည်းနည်းအားထုတ်ခဲ့ပါတယ်။ ပြီးတော့ အခုလိုဖြစ်လာတာပါပဲ” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဒီဘရိုင်းဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် မန်စီးတီးနဲ့အတူ တစ်ဆင့်ချင်းတက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ဘယ်လ်ဂျီယံကွင်းလယ်လူနဲ့  မန်စီးတီးတို့ဟာ ယာဂင်ကလော့ပ်ရဲ့လီဗာပူးကို အန်ဖီးလ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#လီဗာပူး #မန်စီးတီး #ဒီဘရိုင်း #ကလော့ပ် #ပရီးမီးယားလိဂ်