ရှေ့သို့
Image

လိုက်ပ်ဇစ်နဲ့ ပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်ရဲ့ကစားဟန်အပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အန်ဆယ်လော့တီ

9:46 AM, 7 March

ဒီနေ့မနက်ပိုင်း၊ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်(ဒုတိယအကျော့)ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်က လိုက်ပ်ဇစ်ကို တစ်ဖက်တစ်ဂိုးစီ သရေကစားကာ နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးဖြင့် ကွာတားဖိုင်နယ်အဆင့်ဆီ တက်ရောက်သွားပြီးနောက် သူ့ရဲ့အသင်းကစားဟန်အပေါ် နည်းပြအန်ဆယ်လော့တီက စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ပါတယ်။

ဘာနေဗျူးကွင်းအတွင်း ယှဉ်ပြိုင်ကစားတဲ့ အခုပွဲစဉ်မှာ အိမ်ရှင်တွေ အတွက် ဦးဆောင်ဂိုးကို ဒုတိယပိုင်းပွဲချိန် ၆၅ မိနစ်မှာ ဗင်နီးစီယက်စ်က သွင်းယူပေးခဲ့ပြီး နောက်ထပ်သုံးမိနစ်အကြာမှာပဲ အော်ဘန်က ဧည့်သည်တွေ အတွက် ချေပဂိုးရယူပေးခဲ့ပါတယ်။

ပွဲစဉ်အပြီး မီဒီယာတွေနဲ့တွေ့ဆုံချိန် ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက “ပွဲက မကောင်းခဲ့ပါဘူး။ ကစားပုံညံ့ဖျင်းပါတယ်။ အာရုံစူးစိုက်မှုနည်းပါးခဲ့သလို စိုးရိမ်စိတ်နည်းနည်း ဖြစ်ပေါ်နေခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေက ကဏ္ဍအတော်များများကို သက်ရောက်မှုရှိစေပါတယ်။ ဆုံးရှုံးစရာဘာမှမရှိတော့တဲ့ အရည်အသွေးအပြည့်ရှိ ပြိုင်ဘက်အသင်းတစ်ခုကို ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတာပါ။ ပွဲစတင်ချိန်ကတည်းက ကျွန်တော်တို့ရဲ့ကစားပုံ တုံ့ဆိုင်းနေခဲ့ပါတယ်။ ကျွန်တော်တို့တွေ ဒုက္ခများခဲ့ပေမယ့် အရေးအကြီးဆုံးကတော့ ကွာတားဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်ရေးပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပထမပိုင်း ပွဲချိန်အပြီး အပြောင်းအလဲအချို့ပြုလုပ်ခဲ့မှုနဲ့စပ်လျဉ်းပြီး အီတာလျံနည်းပြကြီးက “မှန်ပါတယ်။ ပြိုင်ဘက်ကို ပိုပြီးဖိအားပေးနိုင်ဖို့ အကြံအစည်တစ်ခု ရှိခဲ့ပါတယ်။ ခွန်အားအပြည့်နဲ့ ဖိအားပေးဖို့ပါ။ တကယ့်လက်တွေ့မှာတော့ သူတို့တွေကစားပုံက အရမ်းနှေးကွေးလွန်းပါတယ်။ ကျွန်တော်တို့တွေ ခံစစ်ကို ပိတ်ဆော့ခဲ့ရပြီး အရမ်းနှေးကွေးစွာကစားခဲ့ပါတယ်။ တိုက်စစ်စတင်ဖို့ ရှေ့ဆီ ဘောလုံးပေးပို့မှု နည်းနည်းပါးပါးပဲရှိခဲ့တယ်။ ဘောလုံးကို ဘေးတိုက်ပေးပို့မှုတွေပဲ အများအပြားလုပ်ဆောင်ခဲ့ပါတယ်။ အရမ်းကောင်းတဲ့ ပွဲစဉ်တော့ မဖြစ်လာခဲ့ပါဘူး။ တခါတရံ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒါမျိုးတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ၂၀၂၂ ခုနှစ်၊ အိမ်ကွင်းမှာ ချဲလ်ဆီးကို ရင်ဆိုင်ကစားရချိန် ဒီလိုမျိုးဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့တွေ ရှုံးထွက်အဆင့်မှာပဲ ထွက်ခွာရဖို့တော့ ဘယ်တုန်းကမှ မနီးစပ်ခဲ့ပါဘူး”လို့ ပြောပါတယ်။

လက်ရှိအသင်းပုံစံနဲ့ပတ်သက်လို့ အန်ဆယ်လော့တီက “စိတ်ပိုင်းဆိုင်ရာက အရေးကြီးပါတယ်။ လိုက်ပ်ဇစ်က အသင်းကောင်းတစ်ခုဖြစ်ပြီး အရာရာတိုင်းအတွက် ကြိုးစားကစားခဲ့ပါတယ်။ ဖြစ်ပျက်သွားတဲ့ အရာတွေအပေါ် တည်တည်ငြိမ်ငြိမ်နဲ့ အကဲဖြတ်သွားရပါမယ်။ ကျွန်တော်တို့တွေ ကိုယ့်ကိုကိုယ် ဝေဖန်ဖို့ လိုအပ်ပြီး အခြားသူတွေအပေါ် ဝေဖန်နေစရာမလိုပါဘူး”လို့ ဆက်ပြောခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က လာမယ့် တနင်္ဂနွေနေ့မှာ ဆယ်လ်တာဗီကိုနဲ့ လာလီဂါ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။

#ရီးရဲလ်မက်ဒရစ် #လိုက်ပ်ဇစ် #ချန်ပီယံလိဂ် #အန်ဆယ်လော့တီ