ရှေ့သို့
Image

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အာဆင်နယ်စိုးရိမ်ရမယ့် ပွဲစဉ် ၆ ပွဲကို ရွေးချယ်လိုက်တဲ့ အွန်နရီ

8:37 AM, 6 March

အာဆင်နယ်အသင်းဂန္ထဝင်ဟောင်း အွန်နရီက အသင်းဟောင်းအနေနဲ့ ချန်ပီယံဖြစ်ချင်တယ်ဆိုရင် အဆိုပါပွဲစဉ် ၆ ပွဲကို အာရုံစိုက်ရမယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။

အွန်နရီက မန်စီးတီးနဲ့ လီဗာပူးတို့ကိုကျော်ဖြတ်နိုင်ဖို့ အာတီတာရဲ့အသင်းအနေနဲ့ သက်သေပြဖို့ လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။ အာဆင်နယ်ဟာ ၂၀၂၂ - ၂၃ ရာသီတုန်းက ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ကာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အာဆင်နယ်ဟာ တနင်္လာညတုန်းက ရှက်ဖီးလ်ယူနိုက်တက်ကို အဝေးကွင်းမှာ ၆ ဂိုးပြတ်နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် အာဆင်နယ်ဟာ ထိပ်ဆုံးက လီဗာပူးကို ၂ မှတ် ၊ ဒုတိယနေရာ မန်စီးတီးကို ၁ မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အာဆင်နယ်ရဲ့ဂိုးကွာခြားချက်ကလည်း လီဗာပူးနဲ့ ၆ ဂိုး ၊ မန်စီးတီး နဲ့ ၁၀ ဂိုးအထိ ကွာဟနေပါတယ်။ အွန်နရီကတော့ အာဆင်နယ်အနေနဲ့ ချန်ပီယံဆုအတွက် မန်စီးတီး ၊ တော့တင်ဟမ်နဲ့ပွဲတွေက အရေးပါနိုင်သလို ဝုဗ်နဲ့ ချဲလ်ဆီးပွဲတွေကလည်း စမ်းသပ်မှုဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြင်သစ်သားက အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်မှာလည်း ပေါ်တိုအသင်းကို ခက်ခက်ခဲခဲရင်ဆိုင်ရနိုင်တယ်လို့ ယုံကြည်နေပါတယ်။

“ကျွန်တော့်အတွက်တော့ အာဆင်နယ်အနေနဲ့ ချဲလ်ဆီးနဲ့ပွဲက ခက်ခဲနိုင်တယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ချဲလ်ဆီးအသင်းက အကောင်းဆုံး ကစားပြနေတာကြောင့်ပါ။ အထူးသဖြင့် သူတို့က အဝေးကွင်းဆို ပိုကောင်းနေတတ်ပါတယ်။ မန်စီးတီးနဲ့ပွဲကိုကြည့်မယ်ဆိုရင်လည်း သူတို့ဘယ်လောက်ကောင်းလဲဆိုတာ မြင်နိုင်ပါတယ်။ ဘရိုက်တန်နဲ့ အဝေးကွင်း ၊ ဝုဗ် ၊ တော့တင်ဟမ်နဲ့ ပွဲတွေကလည်း ခက်ခဲနိုင်ပါတယ်။ ယူနိုက်တက်နဲ့ပွဲက ခက်ခဲနိုင်သလို ချန်ပီယံလိဂ်ပွဲလည်း ကျန်နေပါသေးတယ်။ မန်စီးတီးနဲ့ လီဗာပူးတို့က အဲ့တာတွေနဲ့ နေသားကျနေပါပြီ။ ဒါကြောင့် အာဆင်နယ်အနေနဲ့ သေချာလေးအာရုံစိုက်ဖို့တော့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ်မှာ ပေါ်တိုကလည်း အာဆင်နယ်ကို ဒုက္ခပေးနိုင်ပါတယ်။ နေရာယူပုံကောင်းသလို ခံစစ်လည်းကောင်းတာကြောင့် တန်ပြန်တိုက်စစ်ကနေ အာဆင်နယ်ကို အလျင်အမြန်ဒုက္ခပေးနိုင်လောက်ပါတယ်”လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #အွန်နရီ #ပရီးမီးယားလိဂ်