ရှေ့သို့
Image

ဘီလ်ဘာအိုကို သရေကျခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာကိုယ်စီရခဲ့ကြတဲ့ ပက်ဒရီနဲ့ ဒီဂျောင်

3:03 PM, 4 March

ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာဟာ ဘီလ်ဘာအိုနဲ့ ဂိုးမရှိ သရေရလဒ်သာ ရရှိခဲ့သော်လည်း အသင်းရဲ့အဓိက ကစားသမား ၂ ဦးဖြစ်တဲ့ ပက်ဒရီနဲ့ ဖရန်ကီဒီဂျောင်တို့ကို ဒဏ်ရာပြဿနာကြုံတွေ့စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့မှာ ရီးရဲလ်မက်ဒရစ်က ဗလန်စီယာနဲ့ သရေကျခဲ့တာကြောင့် ဘာစီလိုနာအနေနဲ့ ယခုပွဲစဉ်မှာ အခွင့်အရေးယူဖို့အတွက် ကြိုးစားခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် သရေတစ်မှတ်သာ ရရှိခဲ့ပြီး ရမှတ် ကွာဟချက်ကို လျှော့ချနိုင်ခြင်းမရှိခဲ့ပါဘူး။  ဒါ့အပြင် ကွင်းလယ်လူ ၂ ဦးဖြစ်တဲ့ ပက်ဒရီနဲ့ဒီဂျောင်တို့က ဒဏ်ရာကိုယ်စီ ရခဲ့တာကြောင့် ဇာဗီအတွက် ထိုးနှက်ချက်ပြင်းထန်တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။

ဒီဂျောင်ဟာ ပွဲအစ ၂၆ မိနစ်မှာပဲ ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး လူစားလဲဖို့လိုအပ်ခဲ့တာ ဖြစ်ပါတယ်။ နယ်သာလန်လက်ရွေးစင်ကစားသမားဟာ ဆက်လက်ကစားနိုင်ခဲ့ခြင်း မရှိတာကြောင့် အသက်-၂၀ နှစ်အရွယ် လူငယ်ကစားသမားလေး ဖာမင်လိုပက်ဇ်နဲ့ အစားထိုးခဲ့ရပါတယ်။

ယခုရာသီ အစောပိုင်းတုန်းက ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၂ လလောက်အထိ အနားယူခဲ့ရတဲ့ ဒီဂျောင်ဟာ ယခုအခါမှာလည်း ဒဏ်ရာပြင်းထန်ပုံရပြီး နာပိုလီနဲ့ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ သံသယရှိစရာဖြစ်လာပါတယ်။

ပက်ဒရီကတော့ ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပြီး ကစားသမားဟာ ကြွက်သားဒဏ်ရာပြဿနာကို မကြာခဏကြုံတွေ့နေရတာဖြစ်ပါတယ်။ ကစားသမားဟာ ရာသီအစမှာလည်း တံကောက်ကြောဒဏ်ရာကြောင့် ၂ လခန့် အနားယူခဲ့ရပြီး ယခုရရှိတဲ့ ကြွက်သားဒဏ်ရာကတော့ တတိယကြိမ်မြောက်ဖြစ်ပါတယ်။

ပွဲအပြီးမှာ နည်းပြ ဇာဗီက “သူတို့ဒဏ်ရာပြဿနာတွေက အဆင်ပြေမယ့်ပုံမပေါ်ပါဘူး။ ဖရန်ကီနဲ့ ပီဒရီတို့ဟာ အသင်းအတွက် အရေးပါတဲ့ကစားသမားတွေဖြစ်လို့ သူတို့ရဲ့ဒဏ်ရာက အသင်းကိုပါ ထိခိုက်စေပါတယ်” “ပီဒရီက ကောင်းကောင်းပြန်ကစားနိုင်တာမကြာသေးပါဘူး။ ဒီအပတ်ထဲမှာလည်း လေ့ကျင့်ခန်းကောင်းကောင်းဆင်းခဲ့ပါတယ်။ ဖရန်ကီကလည်း ဒီလိုပါပဲ။ သူက အသင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီနေ့ သူတို့ကို ဆုံးရှုံးလိုက်ရပြီး နောက်ပွဲတွေမှာလည်း ဆက်လက်ဆုံးရှုံးရဖို့ ရှိနေပါတယ်။ မျှော်လင့်ထားတာထက် မြန်မြန်ပြန်ကစားနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာ ဒီဂျောင်က ဘာစီလိုအတွက် ၂၇ ပွဲ ကစားထားပြီး ပက်ဒရီကတော့ ၂၃ ပွဲသာ ကစားထားနိုင်တာဖြစ်ပါတယ်။ လက်ရှိ လာလီဂါအမှတ်ပေးဇယားမှာ ဘာစီလိုနာဟာ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နဲ့  ၈ မှတ်အထိ ကွာဟနေပါတယ်။ လာမယ့် စနေနေ့မှာတော့ ဇာဗီရဲ့အသင်းဟာ မာယော့ကာကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဘီလ်ဘာအို #ပက်ဒရီ #ဒီဂျောင်