ရှေ့သို့
Image

ယူရိုပြိုင်ပွဲအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်လိုတယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ဝက်ကင်းစ်

3:39 PM, 3 March

အက်စတွန်ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်းစ်က လာမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားလိုတယ်လို့ဖွင့်ဟပြောကြားလာခဲ့ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ ကစားသမားဟာ တောက်ပတဲ့ခြေစွမ်းတွေကို တောက်လျှောက်ပြသထားနိုင်တာဖြစ်ပါတယ်။ ယနေ့နံနက်က လူတန်တောင်းကို ၂-၃ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း အသက်-၂၈ နှစ်အရွယ်ကစားသမားဟာ အက်စတွန်ဗီလာအတွက် ၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် ဝက်ကင်းစ်ဟာ ဒီနှစ်ရာသီပရီးမီးယားလိဂ်ရဲ့ ဒုတိယဂိုးသင်းအများဆုံးကစားသမားဖြစ်ပြီး သွင်းဂိုးနဲ့ ဖန်တီးမှုပေါင်းလိုက်မယ်ဆိုရင်တော့ ၂၆ ဂိုးအထိပါဝင်ပတ်သက်ထားနိုင်တာဖြစ်ပါတယ်။ ဝက်ကင်းစ်ဟာ ၂၀၂၀ ယူရိုပြိုင်ပွဲတုန်းက ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းမှာ ယာယီအရန်လူစာရင်းအဖြစ်ပါဝင်ခဲ့ပေမယ့် အဆုံးမှာတော့ ရွေးချယ်ခြင်းမခံခဲ့ရတဲ့အပြင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ 

အခုချိန်မှာတော့ ကစားသမားဟာ ဂျာမနီမှာကျင်းပမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ဝက်ကင်းစ်က “တကယ်လို့ ကျွန်တော်က ယူရိုပြိုင်ပွဲအကြောင်း တွေးမနေဘူးလို့ပြောရင် လိမ်တာဖြစ်ပါလိမ့်မယ်။ ကျွန်တော် ပရီးမီးယားလိဂ်မှာ နှစ်တွေအကြာကြီးကစားပြီးပါပြီ။ ပြီးခဲ့ယူရိုတုန်းကတော့ ကျွန်တော့်ရဲ့ပထမဆုံး ပရီးမီးယားလိဂ်ရာသီပဲရှိသေးလို့  အင်္ဂလန်အသင်းလူစာရင်းကနေ ထွက်ခွာခဲ့ရပါတယ်။  ကျွန်တော်အခု ဂိုးတွေသွင်းပြီး အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။ ဒီတော့ ကျွန်တော့်ကို ရွေးမလားဆိုတာ မန်နေဂျာအပေါ်မှာပဲမူတည်နေပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ “ဝက်ကင်းစ် အင်္ဂလန်အသင်းရဲ့လူစာရင်းမှာပါဝင်နိုင်တော့မယ်ထင်ပါတယ်။ အထုတ်အပိုးပြင်ပြီး လေယာဉ်ပေါ်သာ တက်ထိုင်နေလိုက်ပါတော့” လို့ပြောကြားခဲ့ပါတယ်။ ဒီရာသီ ဥရောပထိပ်တန်းပြိုင်ပွဲတွေမှာ ဝက်ကင်းစ်ထက် ဂိုးပိုသွင်းထားနိုင်တဲ့အင်္ဂလန်ကစားသမားဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းဖြစ်ပြီး ဘွန်ဒက်စ်လီဂါမှာ ၂၇ ဂိုးအထိသွင်းယူထားနိုင်တာဖြစ်ပါတယ်။ 

သို့သော် ဝက်ကင်းစ်ကလည်း ပရီးမီးယားလိဂ်ရာသီမှာ အက်စတွန်ဗီလာအတွက် ၁၆ ဂိုးနဲ့အထက်သွင်းယူနိုင်တဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာခဲ့ပြီး ဘန်တီကီနောက်ပိုင်း ပထမဆုံးသော ကစားသမားလည်းဖြစ်ပါတယ်။ ယခုလအတွင်းမှာတော့ အင်္ဂလန်ဟာ ခြေစမ်းပွဲစဉ်တွေအဖြစ် ဘရာဇီးလ်၊ ဘယ်လ်ဂျီယံတို့နဲ့ရင်ဆိုင်သွားရမှာဖြစ်ပြီး ဇွန်လ ယူရိုပြိုင်ပွဲမတိုင်ခင် နောက်ထပ်ချစ်ကြည်ရေးပွဲစဉ်တွေမှာတော့ ဘော့စနီးယား၊ အိုက်စလန်တို့နဲ့ ကစားသွားရမှာဖြစ်ပါတယ်။ 

ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုအဆင့်မှာတော့ အင်္ဂလန်ဟာ ဆာဘီးယား၊ ဒိန်းမတ်၊ စလိုဗေးနီးယားတို့နဲ့ အုပ်စုတစ်ခုတည်း ကျရောက်နေပါတယ်။ 

#အက်စတွန်ဗီလာ #ဝက်ကင်းစ် #ပရီးမီးယားလိဂ်