ရှေ့သို့
Image

လက်ရှိ လူစားလဲမှုပြဿနာတွေနဲ့ပတ်သက်ပြီး ထိပ်တိုက်ဆွေးနွေးခဲ့ကြတဲ့ အမ်ဘာပေနဲ့ လူးဝစ်အင်းနရစ်

10:13 AM, 3 March

ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်နဲ့ တိုက်စစ်မှူး အမ်ဘာပေတို့ဟာ လက်ရှိ လူစားလဲမှုပြဿနာတွေနဲ့ပတ်သက်ပြီး ထိပ်တိုက်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

သောကြာနေ့ညက မိုနာကိုနဲ့ပွဲစဉ် ပထမပိုင်းအပြီးမှာ အင်းနရစ် အမ်ဘာပေကို မူအာနီနဲ့ လူစားလဲခဲ့ပါတယ်။

လူစားလဲပြီးချိန် ဒုတိယပိုင်းအစမှာ အမ်ဘာပေက အရန်ခုံတန်းမှာ အသင်းဖော်တွေနဲ့ လူမထိုင်တော့ဘဲ ပွဲကြည့်စင်ပေါ်မှာ မိခင်ဖြစ်သူနဲ့အတူ ဘောလုံးပွဲတက်ကြည့်ခဲ့ပြီး အငြင်းပွားစရာတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။


RMC Sportရဲ့အဆိုအရ စနေနေ့မှာ အမ်ဘာပေနဲ့ အင်းနရစ်တို့ဟာ ပီအက်စ်ဂျီရဲ့လေ့ကျင့်ရေးကွင်းမှာ နှစ်ဦးသားဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အင်းနရစ်က မိုနာကိုနဲ့ပွဲအပါအဝင် ပြီးခဲ့တဲ့အပတ်တွေအတွင်း အမ်ဘာပေအပေါ် ဆက်ဆံပုံတွေအကြောင်း ရှင်းပြခဲ့တယ်လို့လည်း အဆိုပါသတင်းထဲ ဖော်ပြထားပါတယ်။


အမ်ဘာပေဟာ ပြင်သစ်ရှုံးထွက်ဖလားပွဲစဉ်အဖြစ် ဘရက်စ်နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရအပြီး ခြေစွမ်းပိုင်းအရကျဆင်းသွားတယ်ဆိုပြီး အင်းနရစ်က ယုံကြည်ထားတယ်လို့ သိရပါတယ်။

အင်းနရစ်ဟာ အမ်ဘာပေတစ်ယောက် လာမယ့် ဆိုစီဒက်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အင်အားအပြည့်နဲ့ကစားနိုင်ဖို့အတွက် လူစားလဲချင်ခဲ့တာ ဖြစ်ပါတယ်။


အမြင်မတူမှုတွေရှိနေပေမယ့် အင်းနရစ်ရော အမ်ဘာပေကပါ ရာသီကုန်မှာ ပီအက်စ်ဂျီအသင်း အောင်မြင်မှုတွေရစေဖို့အတွက် လက်ရှိပြဿနာတွေကို အမြန်ဆုံးဖြေရှင်းပစ်ဖို့ ရည်မှန်းချက်ထားခဲ့ကြပါတယ်။

အင်းနရစ်ကလည်း အမ်ဘာပေမပါတော့မယ့် ပီအက်စ်ဂျီအနာဂတ်ကို ပြင်ဆင်နေကြောင်း ပွင့်ပွင့်လင်းလင်း ပြောထားခဲ့ပါတယ်။


ပီအက်စ်ဂျီအသင်းဟာ လာမယ့်ကြားရက်မှာ ချန်ပီယံလိဂ်၁၆သင်းအဆင့်ပွဲစဉ် ဒုတိယအကျော့အဖြစ် ဆိုစီဒက်ကို စပိန်မြေမှာ သွားရာက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #လီဂူးဝမ်း #အင်းနရစ် #အမ်ဘာပေ