ရှေ့သို့
Image

ဒူးဒဏ်ရာကြောင့် ၁ လခန့်အနားယူရတော့မယ် ရစ်ချာလီဆန်

3:50 PM, 2 March

တော့တင်ဟမ်အသင်းရဲ့ တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ ဒူးဒဏ်ရာပြဿနာကြောင့် ၁ လခန့်အနားယူရတော့မှာဖြစ်တယ်လို့ အသင်းနည်းပြ ပိုစတီကိုဂလူက အတည်ပြုပြောကြားလာခဲ့ပါတယ်။ 


ဒီရာသီမှာ တော့တင်ဟမ်အတွက် အထူးခြေစွမ်းပြကစားထားနိုင်တဲ့ ရစ်ချာလီဆန်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် နောက်ဆုံး ၁၀ ပွဲမှာ ၉ ဂိုးအထိသွင်းယူပေးထားနိုင်တာဖြစ်ပါတယ်။ 


သို့သော်လည်း ယခုအခါမှာတော့ ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ဝုဗ်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် တစ်လလောက်အထိ အနားယူရဖို့ရှိနေပါတယ်။ 


ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပိုစတီကိုဂလူက "ရစ်ချာလီဆန်ဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့လို့ ၃ ပတ်ကနေ ၄ ပတ်အထိ အနားယူရမှာပါ။ သူက ကျွန်တော်တို့ရဲ့ သင့်တော်ရလဒ်တွေရရှိထားတဲ့ ရာသီအလယ်အလတ်ကာလကို အများကြီး အထောက်အပံ့ပေးထားနိုင်ခဲ့လို့ သူ့နေရာမှာ အစားထိုးဖို့ခက်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 


ဆက်လက်ပြီး ပိုစတီကိုဂလူက အသင်းရဲ့ဘယ်နောက်ခံလူ အူဒိုဂီက ပြန်လည်ကစားနိုင်တော့မှာဖြစ်ပေမယ့် ပီဒရို ပေါ်ရိုကတော့ လေ့ကျင်းရေးအစီအစဉ်မှာ ကြွက်သားဒဏ်ရာရရှိခဲ့လို့ ယခုပွဲစဉ်ကို လွဲချော်သွားမယ်လို့ အသိပေးလာခဲ့ပါတယ်။


ဩစတြေးလျသားက "အူဒိုဂီကတော့ မနက်ဖြန်ကစားမယ့် ပွဲစဉ်အတွက် အခွင့်အရေးရှိပါတယ်။ ပီဒရိုကတော့ ၁ ပတ်လောက် နားရမှာပါ" လို့ဆိုပါတယ်။


နောက်ထပ်ဒဏ်ရာရ ကစားသမားတွေထဲမှာတော့ ဆိုလိုမွန်က ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာတာကြောင့် ကစားနိုင်ဖို့ အလားအလာရှိနေပေမယ့် ဆက်ဆက်ဂ်နွန်ကတော့ တံကောက်ကြောဒဏ်ရာ ခွဲစိတ်ကုသခံထားရတာကြောင့် အနားယူဖို့လိုအပ်နေပါသေးတယ်။ 


ပိုစတီကိုဂလူက "ဆက်ဆက်ဂ်နွန်က ပြန်ကစားနိုင်ဖို့ ခက်ခဲပါသေးတယ်။ သူ့အပြစ်ကြောင့် ဒီဒဏ်ရာရရှိခဲ့တာမဟုတ်ပေမယ့် ပြန်လာနိုင်ဖို့ ပြင်းပြင်းထန်ထန်ကြိုးစားနေပါတယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကလည်း သူ့အတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ သူလိုအပ်တဲ့ခွဲစိတ်ကုသမှုကို ခယူပြီးပါပြီ။ အပြုသဘောဆောင်တဲ့လူတစ်ယောက်ဖြစ်လို့ သူ့အတွက် ခွဲစိတ်မှုက အထောက်အကူပြုမယ်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 


တော့တင်ဟမ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်ပေးဇယား စတုတ္ထနေရာက အက်စတွန်ဗီလာကို တောက်လျှောက်ဖိအားပေးဖို့လိုနေတာကြောင့် ယခု ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာရလဒ်ကောင်းရရှိဖို့လိုအပ်နေပါတယ်။


#တော့တင်ဟမ် #ရစ်ချာလီဆန် #ပရီးမီးယားလိဂ်