ရှေ့သို့
Image

လီဗာပူးအကယ်ဒမီအတွက် စပါယ်ရှယ်သီတင်းပတ်ပဲလို့ အောင်ပွဲခံလိုက်တဲ့ ယာဂန်ကလော့ပ်

4:00 PM, 29 February

ဒီနေ့မနက်ပိုင်း၊ အက်ဖ်အေဖလားပွဲစဉ်မှာ အတွေ့အကြုံပိုင်းအားနည်းတဲ့ လီဗာပူးအသင်းက ဆောက်သမ်တန်အသင်းကို သုံးဂိုးပြတ် အနိုင်ယူပြီး ကလပ်ရဲ့အကယ်ဒမီအတွက် အမှတ်တရညတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ လီဗာပူးက မဟာပြိုင်ဘက်မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ စီနီယာကစားသမားများစွာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရလို့ ခေါင်းခဲနေတဲ့ ယာဂန်ကလော့ပ်က ဆောက်သမ်တန်နဲ့အိမ်ကွင်းပွဲစဉ်အတွက် အကယ်ဒမီထွက်ကစားသမားခြောက်ဦးကို သူ့ရဲ့ပွဲထွက်လူစာရင်းမှာ နေရာပေးလာခဲ့ပါတယ်။

အသက်-၁၈ နှစ်အရွယ် လီဝစ်ကူမက်စ်က စီနီယာအဆင့်ပွဲဦးထွက်မှာ အသင်းအတွက် အဖွင့်ဂိုးသွင်းရင်း အမှတ်တရအခိုက်အတန့်တွေကို ဖန်တီးသွားခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်ရဲ့အစောပိုင်းမိနစ်တွေနဲ့အတူ ပထမပိုင်းပွဲချိန်မှာ ဆောက်သမ်တန်က အကောင်းဆုံးယှဉ်ပြိုင်သွားခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်တွေမှာတော့ အိမ်ရှင်လီဗာပူးက ပွဲကို အကောင်းဆုံးထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

သူ့ရဲ့သုံးပွဲမြောက်မှာပဲ စီနီယာအဆင့်ပထမဆုံး သွင်းဂိုးရယူဖို့ အရန်ခုံမှထလာတဲ့ ဂျေဒန်ဒန်းစ်က ဆောက်သမ်တန်ဂိုးသမား လွမ်လေပိတ်ဆို့ထားတဲ့ ဂိုးပေါက်ထဲကို သပ်သပ်ရပ်ရပ်ကန်သွင်းခဲ့ပါတယ်။ အသက်-၁၈ နှစ်သားအရွယ်ကောင်လေးအတွက် ရင်ခုန်စရာညနေခင်းလေးက ဘရက်ဒ်လေရဲ့ကန်ချက်မှတဆင့် လျှံကျလာတဲ့ဘောလုံးကို အပိုင်ပိတ်သွင်းယူလိုက်နိုင်ချိန်မှာတော့ ပိုမိုလှပလာပါတယ်။

အသင်းသမိုင်းတလျှောက်အသက်အငယ်ဆုံးကစားသမားဖြစ်လာမယ့် ၁၆ နှစ်အရွယ် နိုင်ယိုနီလည်း အခုပွဲစဉ်မှာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ကလော့ပ်ရဲ့ကလေးတွေက စီနီယာအဆင့်ပွဲစဉ်တွေမှာ အထင်ကြီးလောက်စရာစွမ်းဆောင်ရည်မျိုးကို ထပ်မံပြသခဲ့ပါတယ်။

BBC Sport နဲ့တွေ့ဆုံချိန် ကလော့ပ်က “ကျွန်တော်တို့အားလုံးအတွက် အထူးစပါယ်ရှယ်ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အလုပ်ကို ခေတ္တခဏပဲ လုပ်ခဲ့ရပြီး ဒါမျိုးသီတင်းပတ်တွေ မကြာခဏကြုံတွေ့ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့အတွက် ဆိုးဆိုးရွာရွားအခြေအနေအောက်မှာ ခက်ခဲကြမ်းတမ်းတဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီအခြေအနေကို လက်ခံခဲ့ရပြီး ဘယ်သူ့ကို ပွဲထွက်ခွင့်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ခဲ့ရပါတယ်။ ဒီနေ့အတွက် အဖြေကတော့ ဂျိုးဂိုးမက်ဇ်ဟာ သူ့ရဲ့ကစားသမားဘဝမှာ ပထမဆုံး အကြိမ်အဖြစ် No.6 Role ကစားရခြင်း ဖြစ်ခဲ့ပါတယ်။ ပွဲအစ ၁၅ မိနစ်မှာ ကျွန်တော်တို့ရဲ့ကစားပုံ လျော့ရဲနေခဲ့ပြီး ဖိအားပေးပုံတွေလည်း ဆိုးဆိုးရွားရွားလွဲချော်နေခဲ့ပါတယ်။ ကျွန်တော်တို့တွေ အခက်အခဲနဲ့ရင်ဆိုင်ခဲ့ရပြီး ဆောက်သမ်တန်ကလည်း ဒီအခြေအနေကို အသုံးချခဲ့ပါတယ်”

“ကလယ်ဟာက ထိပ်တန်းဂိုးကာကွယ်မှုတွေပြုလုပ်ပြီး ကျွန်တော်တို့ကို အကြိမ်ကြိမ်ကယ်တင်ပေးခဲ့ပါတယ်။ ၁၅ မိနစ်နောက်ပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ဖိအားပေးကစားပုံ ကောင်းမွန်လာပြီး ကွင်းလယ်မှာတင် ဖိအားပေးနိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ဘောလုံးကစားရတာ မလွယ်ပါဘူး။ အရှိန်အဟုန်ရလာပြီဆိုရင် ဒီအရှိန်အဟုန်ကို ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့လည်း အရှိန်အဟုန်ပြန်ရလာပြီး ဒုတိယပိုင်းပွဲချိန်တွေမှာ အံ့ဖွယ်သွင်းဂိုးနှစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဂျေဒန်ဒန်းစ်ရဲ့ ဒုတိယမြာက်သွင်းဂိုးကို ကြည့်လိုက်ရင် သူ့ဆီမှာ ဒီလိုတိုက်စစ်အမြင်မျိုး ရှိနေတာကို တွေ့မြင်ရပါလိမ့်မယ်။ ကာရာဘောင်ဖိုင်နယ်မှာလည်း ကျွန်တော်တို့ ဒီအချက်ကို မြင်တွေ့ခဲ့ပါတယ်။ သူ့အတွက် ဂိုးလာဘ်ပါလာဖို့ပဲလိုအပ်ပြီး ဒီပွဲစဉ်မှာတော့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကြည့်လို့အရမ်းကောင်းတဲ့ ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

လက်ရှိကာရာဘောင်ဖလားချန်ပီယံလီဗာပူးက အခုရာသီ ဖလားလေးလုံး မျှော်လင့်ချက်အသက်သွင်းနိုင်ဖို့ အကောင်းဆုံးအခြေအနေမှာ ရှိနေပါတယ်။ ကလော့ပ်ရဲ့အသင်းက အခုသီတင်းပတ်ကုန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုတိုက်ပွဲ အတွက် နော်တင်ဟမ်ဖောရက်စ်နဲ့ ဆက်လက်ရင်ဆိုင်ကစားရပါမယ်။

#လီဗာပူး #ဆောက်သမ်တန် #ကလော့ပ် #အက်ဖ်အေဖလား