ရှေ့သို့
Image

ဇာဗီကို နည်းပြအဖြစ် ဆက်လက်တာဝန်ယူဖို့ တောင်းဆိုခဲ့တဲ့ ဘာစီလိုနာဥက္ကဌ လာပေါ်တာ

2:21 PM, 29 February

ဘာစီလိုနာ ဥက္ကဌဂျိုအန်လာပေါ်လာတာက ရာသီကုန်မှာ အသင်းကနေထွက်ခွာမယ်လို့ ကြေညာထားတဲ့ နည်းပြ ဇာဗီဟာနန်ဒက်စ်ကို အသင်းမှာ ဆက်လက်တာဝန်ယူပေးဖို့ တောင်းဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ အသက်-၄၄ နှစ်အရွယ် ဇာဗီဟာ အသင်းကနေ နုတ်ထွက်တော့မယ်လို့ ပြီးခဲ့တဲ့လက အတည်ပြုခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်ကို ကာလတစ်ခုကြာတဲ့အထိ စဉ်းစားခဲ့တာဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလက ဗီလာရီးရဲလ်ကို အိမ်ကွင်းမှာ ၃-၅ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ဇာဗီက “ချန်ပီယံလိဂ်ဖလား ရခဲ့ရင်တောင် အသင်းကနေ ထွက်ခွာသွားမှာပါ” လို့ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဇာဗီက “ဘာစီလိုနာ နည်းပြဖြစ်ရတာ စိတ်မချမ်းသာစရာတွေ အများကြီးပါပဲ။ စိတ်ပျက်စရာတွေလည်း ဆက်တိုက်ကြုံတွေ့ခဲ့ရတာပါ။ ဒီလိုဆုံးဖြတ်ချက်မျိုးမချမချင်း မလေးစားမှုတွေနဲ့ အများကြီးမြင်ခဲ့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဇာဗီရဲ့ ဆုံးဖြတ်ချက်ဟာ ဘာစီလိုနာ ဘီအသင်းနည်းပြ ရာဖာမာကွက်ဇ်ကို ကိုအသင်းရဲ့နည်းပြအဖြစ် တာဝန်ယူစေဖို့ အားကစားဒါရိုက်တာ ဒီကိုက စိတ်ဝင်စားနေတယ်ဆိုတဲ့ ကောလာဟလအပြီးမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ စပိန်သတင်းတွေအရ အသင်း ဥက္ကဌ လာပေါ်တာဟာ ဇာဗီကို အသင်းမှာဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားလာခဲ့တယ်လို့သိရပါတယ်။

လာပေါ်တာနဲ့ အသင်းရဲ့ ဒုဥက္ကဌ ရာဖာယူစတီတို့ဟာ ဇာဗီကို စည်းရုံးသိမ်းသွင်းဖို့အတွက် အလွတ်သဘောချဉ်းကပ်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဇာဗီဘက်ကတော့ အသင်းမှာ ဆက်နေဖို့ ဆန္ဒမရှိဘူးလို့လည်း သတင်းတွေက ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့အပတ်က ဂီတာဖေးကို ၄-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း ဇာဗီက အသင်းကနေ ထွက်ခွာဖို့ဆုံးဖြတ်ခဲ့ခြင်းကို နောင်တရခြင်းမရှိဘူးလို့ အခိုင်အမာပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဇာဗီက အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ခြင်းမှာ လုံးဝမှန်ကန်တယ်လို့ ပြောကြားခဲ့ပါတယ်။ စပိန်သားက “ကျွန်တော် ဒီလိုဆုံးဖြတ်ချက်ချခဲ့ပြီးကတည်းက အသင်းဟာ ရှေ့ကို ရှေ့တစ်လှမ်းတိုးလာနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေကထက် ပိုကောင်းတဲ့ခြေစွမ်းကိုပြသနိုင်ခဲ့ပါတယ်” “ကျွန်တော့်ရဲ့နာမည်ကို အော်ဟစ်ပြီးအားပေးခဲ့ကြတဲ့ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်နေဆဲပါ။ ကျွန်တော့်ဘက်မှာ အမြဲတမ်းရှိနေခဲ့တဲ့ ပရိသတ်တွေကိုတော့ နှလုံးသားထဲကနေ ကျေးဇူးတင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဇာဗီရဲ့အသင်းဟာ မကြာသေးမီက ခြေစွမ်းအတက်အကျတွေကို မကြာခဏကြုံတွေ့ခဲ့ရသော်လည်း လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးကရီးရဲလ်မက်ဒစ်နဲ့ ၈ မှတ်သာ ကွာဟနေပါတယ်။ ဒါ့အပြင် ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာလည်း ဆက်လက်ပါဝင်နေဆဲဖြစ်ပြီး ၁၆ သင်းအဆင့်ပထမအကျော့မှာ နာပိုလီနဲ့ ၁ ဂိုးစီသရေကျထားပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ #လာပေါ်တာ