ရှေ့သို့
Image

ချဲလ်ဆီးကစားသမားအားလုံး ပင်ပန်းနေကြတယ်လို့ ဝန်ခံလိုက်တဲ့ နည်းပြပိုချက်တီနို

4:29 PM, 28 February

ခက်ခဲကြမ်းတမ်းတဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲရှုံးနိမ့်မှုအပြီး ချဲလ်ဆီးအသင်း ကစားသမားအားလုံး ပင်ပန်းနွမ်းလျနေကြတယ်လို့ နည်းပြပိုချက်တီနိုက ဝန်ခံပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဝင်ဘာလေကွင်းဗိုလ်လုပွဲမှာ လီဗာပူးက ဗန်ဒိုက်ရဲ့ အချိန်ပိုခေါင်းတိုက်သွင်းဂိုးဖြင့် ချဲလ်ဆီးကို အနိုင်ယူကာ ဆုဖလား သိမ်းပိုက်သွားခဲ့ပါတယ်။ ပိုချက်တီနိုကတော့ သူ့ရဲ့ကစားသမားတွေ ပင်ပန်းနွမ်းနယ်နေတယ်လို့ ဝန်ခံခဲ့ပေမယ့် လိဒ်နဲ့ရင်ဆိုင်ရမယ့် ကြားရက်အက်ဖ်အေဖလားပွဲစဉ်မှာ အသင်းအနေဖြင့် စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကိုလည်း သတိပြုမိနေပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ပိုချက်တီနိုက “ဟုတ်ပါတယ်၊ ကျွန်တော်တို့အားလုံး ပင်ပန်းနေကြပါပြီ။ ဗိုလ်လုပွဲမှာ ရှုံးနိမ့်လိုက်ပြီဆိုရင် ပြန်ပြီးခွန်အားဖြည့်တင်းဖို့ဆိုတာ အမြဲတမ်းလိုလို မလွယ်ကူပါဘူး။ ဒါပေမယ့် သူတို့အားလုံး ရှေ့ဆက်ဖို့ အာရုံစိုက်ထားတယ်လို့ ထင်မြင်ယူဆမိတာကြောင့် ကျွန်တော် ပျော်ရွှင်နေရပါတယ်။ သူတို့အားလုံးကို ဒီနေ့ညပိုင်းပွဲစဉ်မှာ ပါဝင်ကစားချင်လားလို့ မေးမယ်ဆိုရင်လည်း သူတို့ကစားချင်တယ်လို့ ပြောကြပါလိမ့်မယ်။ အမှန်ပါပဲ၊ ကာရာဘောင်ဖလား မျှော်လင့်ချက် စွန့်လွှတ်ခဲ့ရလို့ စိတ်ပျက်စရာအခြေအနေတစ်ခုဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ ရှေ့ဆက်နေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကစားသမားတွေမှာ ကောင်းမွန်တဲ့တုံ့ပြန်မှုနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အခိုက်အတန့်တစ်ခု ရှိနေလို့ ကျွန်တော် ပျော်ရွှင်မိပါတယ်။ သူတို့အားလုံး အဆင်ပြေနေတယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ပြောပါတယ်။

ကာရာဘောင်ဖလားဖိုင်နယ်ရှုံးနိမ့်မှုအပြီး မိမိကိုယ်ကို ပြန်လည်ထူထောင်ဖို့ အခက်အခဲတွေ ရှိခဲ့သလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ သူက “မရှိပါဘူး။ ပွဲတွေက ဆက်တိုက်ဆိုသလိုရှိနေလို့ ဒါက မခက်ခဲပါဘူး။ အခုချိန်မှာ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်ပိုင်းကို အမြင့်ဆုံးမှာ ထားရှိပြီး မနက်ဖြန်အတွက် အဆင်သင့်ဖြစ်နေအောင်ပြင်ဆင်၊ ရှေ့ဆက်သွားရပါမယ်။ အမှန်ပါပဲ၊ ဒါက နောက်ထပ်ပြိုင်ပွဲတစ်ခုပါ။ အက်ဖ်အေဖလားပေါ့။ အဆုံးသတ်မတိုင်ခင်အထိ ကျွန်တော်တို့ ရှေ့ဆက်သွားချင်ပါတယ်။ ရှေ့မှာ လိဒ်ယူနိုက်တက်လို ပြိုင်ဘက်ကောင်းက စောင့်ကြိုနေလို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ လိဒ်ယူနိုက်တက်က တောက်လျှောက်ပုံစံကောင်းပြသနေပြီး အရမ်းကောင်းတဲ့ အခိုက်အတန့်မှာ ရောက်ရှိနေပါတယ်။ အရမ်းခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါကပဲ ကျွန်တော်တို့ ယုံကြည်မှုနဲ့ ခွန်အားတွေပြန်ခံစားဖို့ လိုအပ်နေတဲ့ အကြောင်းရင်းဖြစ်ပါတယ်”လို့ ဆိုပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ကာရာဘောင်ဖလား