ရှေ့သို့
Image

ဂယ်ရီနဗီးလ်ရဲ့ဝေဖန်မှုနဲ့ပတ်သက်လို့ ချဲလ်ဆီးနဲ့ ပိုချက်တီနိုအပေါ် ကာကွယ်ပေးခဲ့တဲ့ ယာဂန်ကလော့ပ်

10:45 AM, 28 February

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ လီဗာပူးနဲ့ ရင်ဆိုင်ရတဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲအတွင်း ချဲလ်ဆီးက အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုရင်း ဝေဖန်မှုတွေအောက် ရောက်ရှိနေတဲ့ ပိုချက်တီနိုနဲ့ အနောက်လန်ဒန်ကလပ်ကစားသမားတွေကို ယာဂန်ကလော့ပ် ကာကွယ်ပေးခဲ့ပါတယ်။

ပိုချက်တီနိုရဲ့အသင်းက ဘော်ဘီကလက်ခ်၊ ဂျိမ်းစ်မက်ကော်နယ်လ်နဲ့ ဂျေဒန်ဒန်းစ်တို့လို ဆယ်ကျော်သက်ကစားသမားတွေ ပါဝင်တဲ့ လီဗာပူးအသင်းကို အချိန်ပိုမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တနင်္ဂနွေနေ့ဗိုလ်လုပွဲ အပြီး မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က ‘ဆုဖလားအခွင့်အရေးကို လက်လွှတ်ခံခဲ့တဲ့ ပေါင်ဘီယီယံချီတန်ကြေးရှိ အပြာရောင်ငပျော့များ’လို့ သုံးနှုံးကာ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် အခုလိုအကဲဖြတ်ချက်တွေကို ယာဂန်ကလော့ပ်က သဘောမတူခဲ့ပါဘူး။

ကလော့ပ်က သူ့ရဲ့ ဖိုင်နယ်ပွဲစဉ်အရေးနိမ့်မှုအတွေ့အကြုံတွေကို အခြေခံကာ ချဲလ်ဆီးအတွက် ရပ်တည်ပေးခဲ့ပါတယ်။ ဂျာမန်သားကြီးက ဒေါ့မွန်နဲ့အတူ ၂၀၁၃ ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ လီဗာပူးနည်းပြဘ၀ ပထမဆုံး ဆုဖလားဖိုင်နယ်ပွဲစဉ်သုံးပွဲတို့မှာ အရေးနိမ့်ခဲ့ဖူးပါတယ်။

ကလော့ပ်က “လူတွေကတော့ ဒီအကြောင်းကို ပြောကြမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာတော့ အခြားသူတွေနဲ့မတူတဲ့ အမြင်တစ်မျိုးရှိပါတယ်။ ကောင်းပြီ၊ ဗိုလ်လုပွဲမှာ ရှုံးနိမ့်တယ်ပေါ့။ ပြီးတော့ လူတွေက ခင်ဗျားတို့တွေ မကြားချင်တဲ့ အကြောင်းအရာတွေ အများကြီးပြောလာကြတယ်။ ကျွန်တော့်ရဲ့အတွေ့အကြုံအရလည်း သူတို့တွေပြောတဲ့ အချို့အရာတွေက မှန်ကန်သလို အချို့အရာတွေက မမှန်ကန်ပါဘူး။ ဘာတွေဖြစ်လာမယ်ဆိုတာ မှန်းဆရုံသက်သက်လောက်ပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ဗိုလ်လုပွဲအဆင့်ပွဲစဉ်တွေကို ငါးကြိမ်၊ ခြောက်ကြိမ်ဆက်လောက် ရှုံးနိမ့်ဖူးတဲ့အကြောင်း သိထားသူတစ်ဦး ဖြစ်ပါတယ်။ ချဲလ်ဆီးအတွက် ဘယ်လိုတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် ခန့်မှန်းကြည့်လို့ရပါတယ်။ လူတိုင်းကလည်း အရင်ဗိုလ်လုပွဲငါးပွဲကို ရှုံးနိမ့်ဖူးတယ်ဆိုတော့ စံချိန်သစ်တင်လိုက်ပြီဟေ့လို့ ပြောကြပါလိမ့်မယ်။ ဒါက ချဲလ်ဆီးအတွက်ဆိုရင် သာယာနာပျော်ဖွယ်မဖြစ်ဘူးဆိုတာ ကျွန်တော် ခံစားမိခဲ့ပါတယ်”

“ချဲလ်ဆီးက အရမ်းကောင်းတဲ့ ဘောလုံးပွဲစဉ်တစ်ခုကို ကစားခဲ့တာကြောင့် သူတို့အပေါ် ဝေဖန်ပြစ်တင်မှုတွေနဲ့ မထိုက်တန်ပါဘူး။ ဖိုင်နယ်လိုပွဲစဉ်တစ်ခုမှာ ဘယ်သူကမှ သူတို့ရဲ့အကောင်းဆုံးဖြစ်လုနီးပါးပုံစံမျိုးနဲ့ မကစားနိုင်ပါဘူး။ ပြိုင်ဘက်ကို အနိုင်ယူနိုင်ဖို့ပဲ လိုအပ်ပြီး ဒါကပဲ ကျွန်တော်တို့အသင်း လုပ်ခဲ့တဲ့အရာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလိုဝေဖန်မှုမျိုးတွေကို ကျွန်တော်မလုပ်ခဲ့ပါဘူး။ ဝေဖန်မှုတွေကိုလည်း နားမလည်နိုင်ပါဘူး။ ချဲလ်ဆီးလည်း ဒီချန်ပီယံဆုကို အရမ်းလိုချင်ခဲ့ပေမယ့် မရခဲ့တာပါ။ ပွဲအပြီးမှာ ပိုချက်တီနိုနဲ့ ချဲလ်ဆီးကစားသမားတွေရဲ့မျက်နှာကို ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ဆိုးဆိုးရွားရွားခံစားနေရတာကို သိခဲ့ပါတယ်။ ဒီလိုခံစားမှုမျိုးနဲ့ထိုက်တန်တဲ့သူမရှိဘူးလို့ ကျွန်တော်တွေးမိခဲ့ပေမယ့် ဗိုလ်လုပွဲတွေမှာတော့ ဒီအတိုင်းပါပဲ။ တဖက်မှာ ခံစားချက်တွေ ဆိုးရွားနေပေမယ့် အခြားတဖက်မှာတော့ ပျော်ရွှင်နေကြပြန်ပါတယ်။ ရှုပ်ထွေးလွန်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးကိုက ဒီအတိုင်းပဲ ဖြစ်နေတာပါ”လို့ ပြောပါတယ်။
#လီဗာပူး #ချဲလ်ဆီး #ကလော့ပ် #ပိုချက်တီနို #ဂယ်ရီနဗီးလ် #ကာရာဘောင်ဖလား