ရှေ့သို့
Image

အမ်ဘာပေမပါတဲ့ အခြေအနေကို အကောင်းဆုံးရင်ဆိုင်ဖို့ ပီအက်စ်ဂျီကစားသမားတွေကို သတိပေးလိုက်တဲ့ အင်းနရစ်

3:01 PM, 27 February

ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က ရန်းနက်စ်နဲ့ ၁ ဂိုးစီသရေကျပြီးနောက်မှာ အသင်းရဲ့ကစားသမားတွေကို အမ်ဘာပေမပါဝင်တဲ့အချိန်မှာလည်း အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ သတိပေးပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရန်းနက်စ်နဲ့ပွဲစဉ်မှာ အင်းနရစ်ဟာ ၀-၁ နဲ့ရှုံးနိမ့်နေစဉ် မိနစ် ၆၀ ကျော်ခန့်မှာ ဘာပေကို လူစားလဲခဲ့ပါတယ်။ ပြင်သစ်သားရဲ့နေရာမှာ ဂန်ကာလိုရာမို့စ် ဝင်ရောက်လာခဲ့ပြီး အသင်းအတွက် ချေပဂိုးကို ပွဲပြီးကာနီးမှာ သွင်းယူခဲ့တာကြောင့် ပီအက်စ်ဂျီအနေနဲ့ ရှုံးပွဲနဲ့လွဲချော်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဘာပေကို လူစားလဲခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အင်းနရစ်က “အဲဒါက ရှင်းပါတယ်။ ကျွန်တော်တို့ဟာ မကြာခင်မှာပဲ ဘာပေမပါဘဲ ကစားရတော့မှာဖြစ်လို့  အခုကတည်းကအသားကျစေဖို့ လုပ်ခဲ့တာပါ။ အသင်းက ကျွန်တော်ကစားစေချင်တဲ့အတိုင်းကစားရပါမယ်။ အသင်းမှာ ပြိုင်ဆိုင်လိုစိတ်အမြဲတမ်းရှိရပါမယ်။ ကျွန်တော်က အပြင်းထန်ဆုံးဖြစ်တဲ့ ပြိုင်ဆိုင်လိုစိတ်ကိုလိုချင်တာပါ။ အသင်းရဲ့ကစားသမားတွေက သူတို့နဲ့ထိုက်တန်တဲ့ ကစားချိန်ကို ရယူထားနိုင်ကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဘာပေဟာ ပြင်သစ်မြို့တော်မှာ ဆက်လက်နေထိုင်ဖို့ အချိန်အကြာကြီး မကျန်တော့ပါဘူး။ ပြီးခဲ့တဲ့ ၂ ပတ်လောက်က ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ပီအက်စ်ဂျီကနေ ထွက်ခွာတော့မယ်လို့ အသိပေးခဲ့ပြီး ၂၀၂၄-၂၅ ရာသီမှာတော့ ရီးရဲလ်မက်ဒရစ်သို့ရောက်ရှိတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဒါကြောင့် အမ်ဘာပေအနေနဲ့ ဘယ်လောက်ပဲ ပြီးပြည့်စုံတဲ့ခြေစွမ်းမျိုးကို ပိုင်ဆိုင်ထားသည်ဖြစ်စေ ပီအက်စ်ဂျီရဲ့လာမယ့်ပွဲစဉ်တွေမှာတော့ အပြည့်အဝပါဝင်နိုင်ဖို့ အာမခံချက်မရှိတော့ပါဘူး။ ဒါပေမယ့် ကစားသမားဟာ အသင်းရဲ့ပုံမှန်ပွဲထွက်ကစားသမားစာရင်းမှာတော့ ဆက်လက်ပါဝင်နိုင်ဖွယ်ရှိပြီး လာမယ့်မိုနာကိုနဲ့ပွဲစဉ်ကိုလည်း ပွဲထွက်ကစားသွားရဖို့ရှိနေပါတယ်။

#ပီအက်စ်ဂျီ #လီဂူးဝမ်း #အင်းနရစ် #အမ်ဘာပေ