ရှေ့သို့
Image

လီဗာပူးလူငယ်ကစားသမားတွေနဲ့ ရင်ဆိုင်ရချိန် ပယ်နယ်တီအဆုံးအဖြတ်အထိ သွားချင်ခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ ပိုချက်တီနို

4:39 PM, 26 February

ကာရာဘောင်ဖလားဖိုင်နယ်မှာ ပယ်နယ်တီအဆုံးအဖြတ်ခံယူချိန်အထိ ရောက်သွားမယ်ဆိုရင် ပိုကောင်းလိမ့်မယ်လို့ မောပန်းနွမ်းလျနေတဲ့ သူ့ရဲ့အသင်းဟာ ယူဆမိခဲ့ကြောင်း ချဲလ်ဆီးနည်းပြပိုချက်တီနိုက ပြောပါတယ်။ စိတ်ပျက်ဖွယ်များပြားလှတဲ့ ဒဏ်ရာပြဿနာတွေနဲ့အတူ ကွင်းတွင်းမှာ လူငယ်ကစားသမားလေးတွေကို ထည့်သွင်းပြီး လီဗာပူးက ပွဲကို အနိုင်ကစားသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဘက်ကလည်း ပုံမှန်ပွဲကစားချိန်အတွင်း ပြိုင်ဘက်နဲ့အပြန်အလှန် ဖိအားပေးကစားနိုင်ခဲ့ပေမယ့် အချိန်ပိုမိနစ် ၃၀ မှာတော့ ယာဂန်ကလော့ပ်ရဲ့အသင်းဆီ ပွဲစဉ်ကို ထိုးအပ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ လီဗာပူးတို့ အခုပွဲစဉ်ရဲ့တစ်လုံးတည်းသော အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။

ပွဲချိန် ၁၁၈ မိနစ်မှာ ဗန်ဒိုက်က အခုပွဲစဉ်အတွက် လီဗာပူးရဲ့အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပြီး အသင်းသမိုင်းတလျှောက် ဆယ်ကြိမ်မြောက်ကာရာဘောင်ဆုဖလားသိမ်းပိုက်နိုင်ရေးလုပ်ငန်းစဉ်ကို အပြီးသတ်ပေးခဲ့ပါတယ်။ ယာဂန်ကလော့ပ်ရဲ့ကလေးတွေလို့ ဂယ်ရီနဗီးလ်ကိုယ်တိုင်တင်စားခဲ့တဲ့ လီဗာပူးလူငယ်ကစားသမားတွေကလည်း အနောက်လန်ဒန်ကလပ်အသင်းကို comeback မလုပ်နိုင်အောင် တားဆီးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အချိန်ပိုပွဲကစားချိန်တွေမှာ ချဲလ်ဆီးရဲ့ကစားပုံ ဘာကြောင့်နှေးကွေးသွားတာလဲလို့ မေးမြန်းလာမှုကိုတော့ ချဲလ်ဆီးနည်းပြပိုချက်တီနိုက သူနဲ့ သူ့ရဲ့ကစားသမားတွေဟာ အခုရလဒ်အစား ပယ်နယ်တီအဆုံးအဖြတ်ခံယူတာ ပိုကောင်းတယ်လို့ ခံစားမိတဲ့အကြောင်း ဆွေးနွေးလာခဲ့ပါတယ်။

ပိုချက်တီနိုက “ကစားသမားတွေ အားအင်ကုန်ခမ်းနေပါပြီ။ ဘင်ချီဝဲလ်ဆိုရင် အရမ်း၊ အရမ်းကို မောပန်းနေတာပါ။ ဂလယ်ဟာကိုလည်း အချိန်ပိုစကစားပြီး ငါးမိနစ်အကြာမှာပဲ လူစားလဲလှယ်ပေးဖု့ိ လိုအပ်ခဲ့ပါတယ်။ အသင်းဘက်ကတော့ ပယ်နယ်တီအဆုံးအဖြတ်ခံယူတာဟာ ကျွန်တော်တို့အတွက် ပိုကောင်းလိမ့်မယ်လို့ ခံစားမိခဲ့ပါတယ်။ ကျွန်တော်တို့တွေ အခုပွဲစဉ်မှာ အားကုန်ထုတ်ကစားခဲ့ပါတယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်အတွင်း လီဗာပူးအသင်း အနိုင်ဂိုးသွင်းယူလိုက်ချိန်နဲ့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွေမှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ပိုချက်တီနိုကို မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ချဲလ်ဆီးက ၂၀၁၉ ခုနှစ်နောက်ပိုင်း၊ အင်္ဂလန်ပြည်တွင်းဖလားပြိုင်ပွဲတွေဖြစ်တဲ့ အက်ဖ်အေဖလားနဲ့ ကာရာဘောင်ဖလားတို့မှာ ဗိုလ်လုပွဲအဆင့်ဆီတက်ရောက်နိုင်တဲ့ ခြောက်ကြိမ်လုံး ရှုံးနိမ့်တဲ့မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

#လီဗာပူး #ချဲလ်ဆီး #ပိုချက်တီနို #ကာရာဘောင်ဖလား