ရှေ့သို့
Image

ကာရာဘောင်ဖလားအောင်မြင်မှုမှာ မိဘနှစ်ပါးဆီ ရည်ရွယ်ဂုဏ်ပြုလိုက်တဲ့ ဒီယက်ဇ်

4:12 PM, 26 February

ယမန်နေ့ညပိုင်း၊ ကာရာဘောင်ဖလားဖိုင်နယ်မှာ အနိုင်ရရှိပြီးနောက် လီဗာပူးကြယ်ပွင့် လူးဝစ်ဒီယက်ဇ်က လန်ဒန်မြို့၊ ဝင်ဘာလေ ကွင်းကြီးအထိ လာရောက်အားပေးတဲ့ သူ့ရဲ့မိဘတွေကို ရည်ရွယ်ကာ ဂုဏ်ပြုစကားပြောဆိုလိုက်ပါတယ်။

အခုပွဲစဉ်ကို ဒီယက်ဇ်က ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး အသင်းဖော်ဗန်ဒိုက်ရဲ့ အချိန်ပိုဒုတိယပိုင်း ခေါင်းတိုက်ဂိုးနဲ့အတူ လီဗာပူးက ချဲလ်ဆီးကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလအတွင်း ကိုလံဘီယာနိုင်ငံမှာ လက်နက်ကိုင်လူတစ်စုက ဒီယက်ဇ်ရဲ့မိဘနှစ်ပါးကို ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ပါတယ်။

ဒီယက်ဇ်ရဲ့မိခင်က ပြန်ပေးဆွဲခံရပြီး နာရီပိုင်းအကြာမှာပဲ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် ဖခင်ဖြစ်သူကတော့ သီတင်းနှစ်ပတ်နီးပါးလောက် ထိန်းသိမ်းခံခဲ့ရပါတယ်။ လီဗာပူးအသင်းရဲ့ကာရာဘောင်ဖလား အောင်မြင်မှုမှာ သူ့ရဲ့မိဘတွေနဲ့အတူ အောင်ပွဲခံနိုင်မှုက ထူးရှယ်အခိုက်အတန့်တစ်ခုဖြစ်ခဲ့တယ်လို့ ဒီယက်ဇ်က ပြောဆိုလိုက်ပါတယ်။

Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ဒီယက်ဇ်က “အခုလို အရမ်းခက်ခဲကြမ်းတမ်းလွန်းတဲ့ ပွဲကြီးပွဲကောင်းတစ်ခုကို အခုလိုပုံစံမျိုးနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အလွန်အားပြုကစားခဲ့ရပြီး ကျွန်တော်တို့ကိုယ်တိုင်လည်း အဆုံးအထိ အရမ်းကြိုးစား ကစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခုလိုရလဒ်ကောင်းကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီလိုရရှိလာနိုင်တယ်ဆိုတာလည်း ကျွန်တော် သိထားခဲ့ပါတယ်။ တစ်နှစ်အတွင်းမှာ ကျွန်တော်တို့တွေ ပွဲအများကြီးကစားရဖို့ ရှိပေမယ့် အခုလိုမျိုးပဲ ပြင်ဆင်ထားခဲ့ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်ထားခဲ့ပြီး အခုလိုအောင်ပွဲမျိုး ရရှိလာလိမ့်မယ်ဆိုတာလည်း သိထားခဲ့ပါတယ်”လို့ ဆိုပါတယ်။

သူ့ရဲ့မိဘတွေနဲ့ပတ်သက်ပြီး ဒီယက်ဇ်က “ကျွန်တော်ကတော့ ဒီဆုဖလား အောင်ပွဲကို အခုဝင်ဘာလေ ကွင်းအတွင်းမှာ ရောက်ရှိနေတဲ့ အဖေနဲ့အမေအတွက်ပဲ ရည်ညွှန်းပေးလိုပါတယ်။ သူတို့ဖြတ်သန်းလာခဲ့တဲ့ အရာရာတိုင်း အတွက် အခုလိုအောင်ပွဲကို မိသားစုနဲ့အတူ ဆင်နွှဲခွင့်ရရှိတာ အရမ်းကောင်းပါတယ်”လို့ ဆက်ပြောပါတယ်။

ယမန်နေ့ညပိုင်းနိုင်ပွဲက ဒီယက်ဇ်အတွက် လီဗာပူးကစားသမားဘ၀ ဒုတိယမြောက်ကာရာဘောင်ဖလား အောင်မြင်မှုကို ဖြစ်တည်စေခဲ့ပါတယ်။ သူက ချဲလ်ဆီးနဲ့ပဲ ရင်ဆိုင်ခဲ့ရတဲ့ ၂၀၂၂ ခုနှစ်ချန်ပီယံအသင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

#လီဗာပူး #ချဲလ်ဆီး #ဒီယက်ဇ် #ကာရာဘောင်ဖလား