ရှေ့သို့
Image

သူ့အတွက် စပါယ်ရှယ်ဆုဖလားအောင်ပွဲအကြောင်း ရှင်းလင်းပြောဆိုလိုက်တဲ့ ယာဂန်ကလော့ပ်

3:37 PM, 26 February

ယမန်နေ့ညပိုင်း၊ ချဲလ်ဆီးကို ကျော်ဖြတ်ကာ ရရှိခဲ့တဲ့ ကာရာဘောင်ဖလား အောင်မြင်မှုက နည်းပြသက်တမ်းအတွင်း စပါယ်ရှယ်ဆုဖလား အောင်ပွဲဖြစ်တယ်လို့ ယာဂန်ကလော့ပ်က အံ့အားသင့်ဖွယ် ယုံကြည်နေပါတယ်။

အနီရောင်တပ်သားတွေနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဆုဖလားတွေ အရယူခဲ့ဖူးတဲ့ လီဗာပူးနည်းပြရဲ့ အခုလိုယုံကြည်နေမှုက အားလုံးအတွက်ပါ မျက်ခုံးပင့်ချင်စရာ ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် အခုဘောလုံးရာသီကုန်မှာ ကလပ်အသင်းမှ ထွက်ခွာမယ်လို့ ကြေညာထားတဲ့ ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်ကို ထည့်သွင်းစဉ်းစားလိုက်မယ်ဆိုရင်တော့ လီဗာပူးအပေါ် ထားရှိတဲ့ သူ့ရဲ့သစ္စာရှိမှုနဲ့အတူ ဂျာမန်သားကြီးဟာ ထူးရှယ်အခိုက်အတန့်တစ်ခုကို အမှန်တကယ်ခံစားနေရတယ်လို့ ယူဆနိုင်ပါတယ်။

ပွဲစဉ်အပြီး ကလော့ပ်က “ကျွန်တော့်ရဲ့နည်းပြဘဝသက်တမ်းနှစ် ၂၀ ကျော် ကာလမှာ ဒီဆုဖလားက ကျွန်တော် ရရှိခဲ့ဖူးသမျှ ဆုဖလားတွေအနက် အထူးစပါယ်ရှယ်ဆုဖလား အလွယ်တကူ ဖြစ်လာခဲ့ပါတယ်။ လုံးဝကို ထူးခြားပြောင်မြောက်လွန်းပါတယ်။ ဒီအောင်ပွဲကြောင့် မကြာခဏဆိုသလို ပိုပိုပြီး ဂုဏ်ယူနေမိပါလိမ့်မယ်။ ဒီနေ့ညမှာတော့ ခံစားချက်တွေ ပြည့်သိပ်နေပါပြီ။ ကျွန်တော်တို့ကို အားပေးခဲ့ကြတဲ့ ကျွန်တော်တို့အသင်းပရိသတ်တွေ အတွက်လည်း ဂုဏ်ယူမိပါတယ်။ ဒီပွဲစဉ်က ကျွန်တော့်အတွက် ဝင်ဘာလေကွင်းနောက်ဆုံးပွဲစဉ် ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါကပဲ ကလေးတွေနဲ့အတူ လူတိုင်း ပါဝင်ဖြည့်ဆည်းခဲ့ကြတဲ့ ပုံစံတွေ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အခုကာရာဘောင်ဖလားဗိုလ်လုပွဲအတွက် လီဗာပူး အကယ်ဒမီကစားသမားများစွာကို စီနီယာအသင်းရဲ့ အရန်ခုံတန်းဆီ ခေါ်ယူလာခဲ့ရပြီး ဒီကစားသမားလေးတွေရဲ့ အခန်းကဏ္ဍကိုလည်း ယာဂန်ကလော့ပ်က လျင်လျင်မြန်မြန်အသိအမှတ်ပြုပေးခဲ့ရပါတယ်။

လီဗာပူးနည်းပြက ကာရာဘောင်ဖလား အနိုင်ရရှိရေး ချဲလ်ဆီးအသင်းပေးအပ်လာတဲ့ ဖိအားတွေကို ရင်ဆိုင်ခဲ့တဲ့ လူငယ်ကစားသမားလေးတွေ အတွက် ချီးကျူးစကားပြောဆိုလိုက်ပါတယ်။ ဒီပွဲစဉ်က ဝင်ဘာလေကွင်းဆီ ယာဂန်ကလော့ပ်ကိုယ်တိုင် နည်းပြတစ်ဦးအဖြစ် နောက်ဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်နိုင်တာကြောင့် အခိုက်အတန့်တိုင်းကို ဂျာမန်သားကြီးက အသေအချာတန်ဖိုးထားခဲ့ပါတယ်။

လက်ရှိမှာ ကာရာဘောင်ဖလားကို လက်ရသိမ်းပိုက်နိုင်ခဲ့တဲ့ ယာဂန်ကလော့ပ်ရဲ့ အသင်းက ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားချန်ပီယံဆုတွေ အတွက်လည်း မျှော်လင့်ချက်ရှိနေပါသေးတယ်။ သူတို့တွေက အခုသီတင်းပတ်အတွင်းမှာ ဆောက်သမ်တန်နဲ့ အက်ဖ်အေဖလားပွဲစဉ် ကစားရပါမယ်။

#လီဗာပူး #ချဲလ်ဆီး #ကလော့ပ် #ကာရာဘောင်ဖလား