ရှေ့သို့
Image

လီဗာပူးကို ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးရဲ့ဆိုးဝါးတဲ့ ချို့ယွင်းချက်တွေကို ထောက်ပြလာတဲ့ ပိုချက်တီနို

2:11 PM, 26 February

ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ယမန်နေ့ညက လီဗာပူးကို ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် သူ့အသင်းဟာ နာကျင်ခံစားရကြောင်းနဲ့ အသင်းရဲ့ဆိုးဝါးတဲ့ချို့ယွင်းချက်တွေကိုထောက်ပြပြောဆိုလာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ လီဗာပူးကို မိနစ် ၉၀ ပြည့်တဲ့အချိန်အထိ ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် အချိန်ပိုမှာတော့ ဂိုးပေးခဲ့ရပြီး ပြန်လည်ချေပနိုင်ခြင်း မရှိတာကြောင့် ၁-၀ ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ ပင်နယ်တီအထိရောက်အောင် ဆွဲခေါ်သွားဖို့ နီးစပ်ခဲ့သော်လည်း လီဗာပူးအတွက် အနိုင်ဂိုးကို နောက်ခံလူ ဗန်ဒိုက်က ၁၁၈ မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုက “ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ ၄-၅-၆ ကြိမ်လောက်အထိ ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဗိုလ်လုပွဲမှာ အဓိကလုပ်ရမှာက ဂိုးသွင်းဖို့ပါ။ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါက အဓိကပြဿနာပါပဲ။ ကျွန်တော်တို့ ကစားသမားတွေက ပရော်ဖက်ရှင်နယ်တွေဖြစ်ပေမယ့် နာကျင်မှုကို ခံစားနိုင်ကြပါတယ်။ ကျွန်တော်တို့ မရနိုင်ခဲ့တဲ့ဆုဖလားတစ်ခုအတွက် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ကြပါတယ်။ အနိုင်ရဖို့လည်း အရမ်းနီးစပ်ခဲ့တာကြောင့် စိတ်ပျက်နေကြမှာသေချာပါတယ်”

“ကျွန်တော်တို့အနေနဲ့ အပြုသဘောဆောင်တဲ့အရာတွေကိုပဲ ဆက်လက်ယူဆောင်ပြီး တွန်းအားရဖို့လိုပါတယ်။ အမှားတွေကနေလည်း သင်ယူရပါမယ်။ ကျွန်တော်တို့ရဲအဓိက ချို့ယွင်းချက်က အခွင့်အရေးတွေရရဲ့သားနဲ့ ဂိုးမသွင်းနိုင်ခဲ့တာပါ။ ဂိုးရှေ့မှာ ဒီထက်ပိုကောင်းဖို့လိုပါတယ်။ ရှုံးနိမ့်ခဲ့ရတဲ့ပုံစံက နာကျင်စရာကောင်းပေမယ့် ဆက်သွားနေဖို့လိုပါတယ်။ သူတို့ကဂိုးသွင်းနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ကတော့ မသွင်းနိုင်ခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ပိုချက်တီနိုရဲ့အသင်းဟာ ရာသီတစ်လျှောက်လုံးရုန်းကန်နေခဲ့ရပြီး အခုအခါမှာလည်း ဆုဖလားနဲ့ ထပ်မံလွဲချော်ခဲ့ရတာဖြစ်ပါတယ်။ အသင်းအနေနဲ့ အခွင့်အရေးတွေ ဖန်တီးဖို့ ရုန်းကန်ရခြင်းမရှိပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ဖို့တော့ အတော်လေးရုန်းကန်နေရတာဖြစ်ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ ချဲလ်ဆီးအနေနဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်မှာ လိဒ်ယူနိုက်တက်နဲ့ ကစားသွားရမှာဖြစ်ပြီး အခုလိုရှုံးပွဲကနေ ပြန်လာနိုင်ဖို့အတွက် လိုအပ်နေပါတယ်။ ယခုအခါမှာတော့ ချဲလ်ဆီးအတွက် ရရှိနိုင်တဲ့ တစ်လုံးတည်းသော ဖလားမှာ အက်ဖ်အေဖလားသာ ကျန်ရှိတော့တာကြောင့် ပိုချက်တီနိုအနေနဲ့ အသည်းအသန်အာရုံစိုက်သွားဖို့ရှိနေပါတယ်။

#လီဗာပူး #ချဲလ်ဆီး #ပိုချက်တီနို #ကာရာဘောင်ဖလား