ရှေ့သို့
Image

မိုဒရစ်က အနာဂတ်ကို သူ့ဘာသာဆုံးဖြတ်သွားမှာဖြစ်တယ်လို့ဆိုလာတဲ့ အန်ဆယ်လော့တီ

11:24 AM, 26 February

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက အသင်းရဲ့ဝါရင့်ကွင်းလယ်လူ လူကာမိုဒရစ်ဟာ သူ့ရဲ့အနာဂတ်ကို သူ့ဘာသာဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ မိုဒရစ်ဟာ ရာသီကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ယခုအခါမှာ အသင်းမှထွက်ခွာဖွယ်ရှိနေတာကြောင့် ကလပ်အသင်းတွေက ခေါ်ယူဖို့ ပစ်မှတ်ထားလာကြတာဖြစ်ပါတယ်။

အသက်-၃၈ နှစ်အရွယ် ကစားသမားဟာ ရီးရဲလ်မက်ဒရစ်မှာ ပုံမှန်နေရာမရတာကြောင့် စိတ်ပျက်နေပုံရတယ်လို့ သတင်းတွေကဖော်ပြလာပါတယ်။ မကြာသေးမီက ကစားသမားဟာ နွေရာသီမှာ စာချုပ်သက်တမ်း ၁ နှစ်ထပ်တိုးဖို့ အရိပ်အယောင်တွေပြသခဲ့ပေမယ့် အခုချိန်မှာတော့ စိတ်ကူးပြောင်းသွားပုံပေါ်ပါတယ်။

အန်ဆယ်လော့တီအနေနဲ့ မိုဒရစ်ကို အသင်းမှာနောက်ထပ်တစ်နှစ် ဆက်လက်ထားရှိလိုပေမယ့် မိုဒရစ်ဘက်ကလည်း ပုံမှန်နေရာအတွက် အာမခံချက်လိုချင်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကစားသမားကို ဆော်ဒီပရိုလိဂ်ကလပ်တွေ၊ မေဂျာလိဂ်ကလပ်တွေနဲ့ အသင်းဟောင်း ဒိုင်နမိုဇာဂရက်တို့က ချိတ်ဆက်မှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။

ယခုအခါမှာတော့ အန်ဆယ်လော့တီက ကွင်းလယ်လူကို ဆုံးဖြတ်ချက်ချဖို့ ဖိအားပေးသွားမှာမဟုတ်ကြောင်း ကစားသမားအနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ ဆက်နေမယ့်အခွင့်အရေးကို လက်ခံနိုင်သလို ငြင်းပယ်ခွင့်လည်းရှိတယ်လို့ဆိုလာခဲ့တာဖြစ်ပါတယ်။

အန်ဆယ်လော့တီက “ကျွန်တော် သူဘာတွေစိတ်ကူးနေလဲဆိုတာမသိနိုင်ပါဘူး။ သူကထိပ်တန်းကစားသမား တစ်ယောက်ဖြစ်ပြီး နှိမ့်ချတတ်တဲ့လူတစ်ယောက်ပါ။ ကျွန်တော် သူ့ကိုသဘောကျပါတယ်။ ဒါပေမယ့် သူအသင်းမှာ အရန်ကစားသမားအနေနဲ့ နောက်ထပ်တစ်နှစ်ဆက်နေချင်မလား ကျွန်တော်မသိဘူး”လို့ ပြောကြားခဲ့ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ #မိုဒရစ်