ရှေ့သို့
Image

အန်တိုနီကိုဘာကြောင့် အချိန်ပို ၉၀+၉ မိနစ်ရောက်မှထည့်သွင်းခဲ့လဲဆိုတာကို ရှင်းပြလာတဲ့ တန်ဟက်

4:31 PM, 25 February

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ယမန်နေ့ညက ဖူလ်ဟမ်ကို ၁-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အန်တိုနီကို ဘာကြောင့် ပွဲပြီးကာနီး အချိန်ပို ၉၀+၉ မိနစ်မှ လူစားလဲထည့်သွင်းခဲ့လဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အခြေအနေကောင်းနေချိန်မှာ ဖူလ်ဟမ်ကို အမှတ်မထင်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ အသင်းရဲ့အဓိကတိုက်စစ်မှူး ဟွိုက်လန်းက ဒဏ်ရာပြဿနာတွေ့ကြုံပြီး မပါဝင်နိုင်တာကြောင့် တန်ဟက်ဟာ လူငယ်ကစားသမားလေး အိုမာရီဖော်ဆန်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလာခဲ့ပါတယ်။ သို့သော်လည်း ဖော်ဆန်က ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဒုတိယပိုင်းအစမှာပဲ လူစားလဲခံခဲ့ရပါတယ်။ တန်ဟက်က အန်တိုနီကို လူစားလဲထည့်သွင်းရမယ့် တိုမီနေးကိုသာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ အန်တိုနီကို နောက်ကျမှလူစားလဲခဲ့တာနဲ့ ပတ်သက်ပြီး တန်ဟက်က "ကြံခိုင်မှုပြဿနာနဲ့တော့မဆိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ညတောင်ပံမှာ ရွေးချယ်စရာတွေအများကြီးရှိနေပြီး အခြားနေရာတွေမှာကတော့ ဒဏ်ရာကြောင့် ရုန်းကန်နေရတာပါ။ အန်တိုနီရဲ့ကစားပုံကို ကျွန်တော်တို့အားလုံးတွေ့ဖူးပြီးဖြစ်တာကြောင့် တိုးတက်ဖို့လိုနေပါသေးတယ်။ သူပဲမဟုတ်ပါဘူး။ အာမက်ဒီယာလိုနဲ့ ဂါနာချိုတို့လည်း ညာဘက်မှာကစားနိုင်ပါတယ်" "ပြိုင်ဘက်ရဲ့လွှမ်းမိုးမှုကို ထိန်းချုပ်ဖို့ခက်ခဲခဲ့ပြီး အထူးသဖြင့် ဘယ်ဘက်ခြမ်းကနေ ခက်ခက်ခဲခဲခုခံခဲ့ရပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့ပြီး အခွင့်အရေးတွေပြန်ပြီးရလာခဲ့ပါတယ်" "ကျွန်တော်တို့ ဒီပွဲကို အနိုင်ရခဲ့သင့်ပါတယ်။ ပထမပိုင်းမှာရော ဒုတိယပိုင်းမှာရော အထနှေးနေခဲ့လို့ အခုလို ရလဒ်မျိုးကြုံတွေ့ခဲ့ရတာပါ။ ဒါတွေက ဝေဖန်စရာတွေဖြစ်ပေမယ့် တစ်ဖက်မှာလည်း အသင်းရဲ့ စရိုက်လက္ခဏာက ချီးကျူးစရာပါ"လို့ ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အန်တိုနီ #အဲရစ်တန်ဟက် #ဖူလ်ဟမ် #ပရီးမီးယားလိဂ်