ရှေ့သို့
Image

ဂီတာဖေးနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့သော်လည်း အကောင်းဆုံးနေ့တစ်နေ့မဟုတ်ခဲ့ဘူးလို့ အံ့အားသင့်ဖွယ်မှတ်ချက်ပြုလာတဲ့ ဒီဂျောင်

4:22 PM, 25 February

ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်က ယမန်နေ့က ဂီတာဖေးကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဒီနေ့က သူ့ရဲ့အကောင်းဆုံးနေ့တစ်ရက်မဟုတ်ဘူးလို့ အံ့အားသင့်ဖွယ်မှတ်ချက်ပြုလာခဲ့ပါတယ်။

ဘာစီလိုနာဟာ ရာဖင်ဟာ၊ ဖီးလစ်၊ ဒီဂျောင်၊ ဖာမင်လိုပက်ဇ်တို့ရဲ့ဂိုးတွေနဲ့အတူ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ဘာစီလိုနာအတွက် အထူးခြေစွမ်းပြခဲ့သူမှာ ဒီဂျောင်ဖြစ်ပြီး ကွင်းလယ်လူဟာ ဘောလုံးပေးပို့တိကျမှု ၉၂ ရာခိုင်နှုန်း၊ ဘောလုံးရှင်းထုတ်မှု ၅ ကြိမ်၊ ဘောလုံးဆယ်ယူမှု ၄ ကြိမ်နဲ့ ဘောလုံးယှဉ်လုမှု ၁၁ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ပွဲအပြီးမှာ အသက်-၂၆ နှစ်အရွယ် ကစားသမားက “၄-၀ နဲ့အနိုင်ရခဲ့လို့ စိတ်သက်သာရာရခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာတော့ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်တို့အခွင့်အရေးတွေရခဲ့ပေမယ့် သူတို့ကို မကျော်နိုင်ခဲ့ပါဘူး။ တစ်ယောက်ချင်းတွေ့တဲ့အနေအထားတွေမှာတော့ ကျွန်တော်တို့ အခွင့်အရေးယူနိုင်ခဲ့ပါတယ်။ ဒီနေ့က ကျွန်တော့်အတွက် အကောင်းဆုံး နေ့တစ်နေ့မဟုတ်ပေမယ့် အဆုံးမှာတော့ ကျွန်တော်တို့အနိုင်ရခဲ့ပါတယ်။ ကျွန်တော် ဒီအတိုင်းပဲဆက်သွားပါမယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အမြဲတမ်းကြိုးစားလေ့ကျင့်ပါတယ်။ အဆုံးမှာတော့ ကျွန်တော်တို ဘယ်နေရာမှာရောက်နေမလဲဆိုတာ မြင်တွေ့ရမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ယခုနိုင်ပွဲကြောင့် ဘာစီလိုနာဟာ ထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နဲ့ ၅ မှတ်သာကွာဟတော့သော်လည်း ရီးရဲလ်အနေနဲ့ ဒီနေ့မှာ ဆီဗီလာကို အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ ၈ မှတ်အထိကွာဟသွားဦးမှာဖြစ်ပါတယ်။ ယခုနွေရာသီမှာ နည်းပြ ဇာဗီကလည်း အသင်းကနေထွက်ခွာတော့မှာဖြစ်တာကြောင့် ဘာစီလိုနာအနေနဲ့ ပြီးခဲ့တဲ့နှစ်က ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် ဇာဗီအတွက်နောက်ဆုံးအနေနဲ့ တိုက်ပွဲဝင်သွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မတ်လ ၃ ရက်နေ့မှာတော့ ဘာစီလိုနာဟာ ဘီလ်ဘာအိုကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ၅ ရက်အကြာမှာတော့ မာယော့ကာနဲ့ကစားသွားရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂျီရိုနာက ကျန်ရှိနေတဲ့ ပွဲကျန်မှာ ဗယ်လီကာနိုကို အနိုင်ရခဲ့မယ်ဆိုရင်တော့ ဘာစီလိုနာအနေနဲ့ တတိယနေရာကို ပြန်လည်ကျဆင်းသွားမှာဖြစ်ပါတယ်။

လာမယ့် မတ်လ ၁၂ ရက်နေ့မှာတော့ ဇာဗီရဲ့အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် နာပိုလီကို အိမ်ကွင်းမှာလက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပထမပိုင်းမှာတော့ ၁-၁ နဲ့သရေကျထားတာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဂီတာဖေး #ဒီဂျောင်