ရှေ့သို့
Image

လီဗာပူးကိုကျော်ကာ ဘိုင်ယန်မြူးနစ်ကို မရွေးချယ်ဖို့ အလွန်ဆိုအား သတိပေးလိုက်တဲ့ နာဂယ်စ်မန်း

10:27 AM, 24 February

ဂျာမနီလက်ရွေးစင် အသင်းနည်းပြ ဂျူလီယံနာဂယ်စ်မန်းက လီဗာပူးကို ကျော်ပြီး ဘိုင်ယန်မြူးနစ်ကို ရွေးချယ်ခြင်းမပြုလုပ်ဖို့ ဇာဘီအလွန်ဆိုအား သတိပေးသွားခဲ့ပါတယ်။ အလွန်ဆိုဟာ လေဗာကူဆင်အသင်းမှာ အောင်မြင်မှုတွေရှာဖွေနိုင်ဖို့ နီးစပ်နေတာကြောင့် ရာသီကုန်မှာ ကလော့ပ်ထွက်ခွာတော့မယ့် လီဗာပူးနဲ့ တူချယ် ထွက်ခွာတော့မယ့် ဘိုင်ယန်မြူးနစ်တို့က နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အကြီးအကျယ် စိတ်ဝင်စားနေပါတယ်။

လေဗာကူဆင်အသင်းဟာ အလွန်ဆိုရဲ့ဦးဆောင်မှုအောက် ဒီနှစ်ရာသီ ရှုံးပွဲမရှိ ကစားထားပြီး ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားကို ၁၁မှတ်ဖြတ်ဦးဆောင်ထားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၃ခုနှစ် မတ်လမှာ ဘိုင်ယန်မြူးနစ်နည်းပြ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နာဂယ်စ်မန်းက အလွန်ဆိုကို ဂျာမန်ဘီလူးကြီးအား ရွေးချယ်ခြင်းမပြုလုပ်ဖို့ သတိပေးလိုက်ပါတယ်။

နာဂယ်စ်မန်းက "ကျွန်တော် ဘိုင်ယန်မြူးနစ်မှာ ပြောင်းလဲနိုင်မယ့်အရာတွေရှိလိမ့်မယ်ဆိုပြီး ပြောင်းလာခဲ့ပါတယ်။ ဘောလုံးလောကမှာ ခင်ဗျားကို အချိန်ပေးတဲ့ကလပ်တွေလည်း ရှိပါတယ်။ လီဗာပူးဆိုရင် ကလော့ပ်ကို ၅ရာသီကြာ အချိန်ပေးပြီးမှ လိဂ်ဖလားရခဲ့တာပါ။ ဂွါဒီယိုလာဆိုရင်လည်း မန်စီးတီးမှာ ၇ရာသီကြာပြီးမျ ချန်ပီယံလိဂ်ဖလားရခဲ့တာပါ။ ဘိုင်ယန်မြူးနစ်မှာတော့ အသင်းကို တိုးတက်အောင်လုပ်ဖို့ အချိန်အလုံအလောက်ရခြင်းမရှိပါဘူး။ အပြင်မှာ ပြောနေတာတွေက တကယ်တမ်းမှာ နည်းနည်းပဲမှနပါတယ်။ ဒါပေမယ့် ဘောလုံးမှာတော့ ဒီလိုဖြစ်နေတာပါပဲ။ နောက်နှစ်၃၀လောက်ထိလည်း ဒီလိုပဲဖြစ်နေဦးမှာပါပဲ"လို့ ပြောခဲ့ပါတယ်။

#လီဗာပူး #ဘိုင်ယန်မြူးနစ် #နာဂယ်စ်မန်း #ပရီးမီးယားလိဂ် #အလွန်ဆို