ရှေ့သို့
Image

ဂလက်စ်နာကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ ခရစ္စတယ်ပဲလေ့စ်

11:00 AM, 20 February

ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်က ရွိင်းဟော့ဂ်ဆန်နေရာမှာ အိုလီဗာဂလက်စ်နာကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီလို့ ယမန်နေ့(တနင်္လာနေ့)မှာပဲ တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။

သြစတြီးယားလူမျိုးနည်းပြက ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ လန်ဒန်အခြေစိုက်ကလပ်နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ဂူဒီဆင်ပတ်ခ်မှာ အဲဗာတန်နဲ့ရင်ဆိုင်ရတဲ့ သူ့အသင်းရဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ခရစ္စတယ်ပဲလေ့စ်ကို တန်းဆင်းဇုန်အန္တရာယ်မှ ကယ်တင်ပေးခဲ့တဲ့ ရွိင်းဟော့ဂ်ဆန်က ယမန်နေ့မှာပဲ ရာထူးမှ နုတ်ထွက်သွားခဲ့ပြီး အသင်းဘက်က ဖရန့်ဖတ်နည်းပြဟောင်း အိုလီဗာဂလက်စ်နာကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။

အသက်-၇၆ နှစ်အရွယ် ရွိင်းဟော့ဂ်ဆန်က အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တစ်ခုအတွင်း နေမကောင်းဖြစ်ပြီးနောက် ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီနောက်မှာတော့ ယမန်နေ့မှာပဲ ရာထူးမှ နုတ်ထွက်လိုက်တာပါ။

ဖရန့်ဖတ်နည်းပြအဖြစ် နှစ်ရာသီကြာတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဂလက်စ်နာက သူ့ရဲ့ပွဲဦးထွက်ဘောလုံးရာသီမှာ ဘွန်ဒက်စ်လီဂါကလပ်ကို ယူရိုပါလိဂ်ချန်ပီယံအောင်ပွဲ ရရှိအောင် လမ်းညွှန်ပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒုတိယဘောလုံးရာသီမှာတော့ ဂျာမန်ပိုကယ်လ်ဖလားဖိုင်နယ်ဆီ ဖရန့်ဖတ်အသင်းကို ဂလက်စ်နာက ပို့ဆောင်ပေးခဲ့ပေမယ့် ဒုတိယရာသီဝက်ကာလအတွင်း ဆိုးရွားလှတဲ့ ရလဒ်ပိုင်းတွေကြောင့် စာချုပ်သက်တမ်းမကုန်ဆုံးခင်မှာပဲ အသင်းမှ ထွက်ခွာလာခဲ့ပါတယ်။

“ခရစ္စတယ်ပဲလေ့စ်နည်းပြအဖြစ် တာဝန်ယူရလို့ ကျွန်တော် အရမ်းပျော်ရွှင်ကျေနပ်မိပါတယ်။ အရည်အချင်းရှိတဲ့ အသင်းလူစာရင်းနဲ့ လက်တွဲအလုပ်လုပ်ရဖို့၊ ကလပ်အသင်းပရိသတ်တွေနဲ့ တွေ့ဆုံကာ ကျွန်တော်ကိုယ်တိုင်ကြားခဲ့ရဖူးတဲ့ ဆဲလ်ဟတ်ပတ်ခ်ရဲ့အငွေ့အသက်တွေကို ခံစားရဖို့ စောင့်မျှော်နေပါတယ်။ ကလပ်အသင်းရည်မှန်းချက်တွေဆီ အရောက်သွားနိုင်ရေး အသင်းတာဝန်ရှိသူတွေနဲ့ လက်တွဲအလုပ်လုပ်ခွင့်ရရှိဖို့ မျှော်လင့်နေပါတယ်”လို့ ဂလက်စ်နာက ပြောပါတယ်။

ခရစ္စတယ်ပဲလေ့စ်က တန်းဆင်းဇုန်နဲ့ ငါးမှတ်အကွာ၊ ရမှတ် ၂၄ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်-၁၅ နေရာမှာ ရပ်တည်နေပါတယ်။

#ခရစ္စတယ်ပဲလေ့စ် #ပရီးမီးယားလိဂ် #ဂလက်စ်နာ