ရှေ့သို့
Image

မက်ဆီ၊ စီရော်နယ်ဒိုတို့ကို ဆုံးရှုံးရမှုမှာ လာလီဂါအတွက် ထိခိုက်မှုမရှိပါဘူးလို့ ဆိုလိုက်တဲ့ တီဘက်စ်

2:28 PM, 19 February

လာလီဂါဥက္ကဋ္ဌဂျာဗီယာတီဘက်စ်က မက်ဆီ၊ စီရော်နယ်ဒိုတို့လို ကမ္ဘာ့အဆင့်ဘောလုံးသမားတွေကို လက်လွှတ်ခဲ့ရမှုကြောင့် စပိန်ထိပ်သီးလိဂ်အတွက် ထိခိုက်မှုတစုံတရာမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

မက်ဆီနဲ့ စီရော်နယ်ဒိုတို့က စပိန်ထိပ်သီးကလပ်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့အတွက် နှစ်ပေါင်းများစွာ ခြေစွမ်းပြကစားခဲ့ပြီး ကမ္ဘာ့ဘောလုံးလောကရဲ့ထိပ်တန်းအဆင့်မှာ ရပ်တည်ခဲ့ပါတယ်။ တီဘက်စ်ကတော့ မက်ဆီ၊ စီရော်နယ်ဒိုတို့ စပိန်မြေမှ ထွက်ခွာသွားမှုက လာလီဂါပြိုင်ပွဲကို ထိခိုက်ခြင်း အလျှဉ်းမရှိခဲ့ဘဲ ရီးရဲလ်မက်ဒရစ်ဆီ အမ်ဘာပေရောက်ရှိလာနိုင်ခြင်းက လိဂ်ပြိုင်ဆိုင်မှုကို ပိုမိုကြီးထွားလာစေမယ်လို့ ခံစားမိကြောင်း အတိအလင်းပြောဆိုလိုက်ပါတယ်။

A Bola သတင်းဌာနနဲ့တွေ့ဆုံချိန် လာလီဂါဥက္ကဋ္ဌက “မက်ဆီနဲ့ စီရော်နယ်ဒိုထွက်ခွာသွားမှုက ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဒီအခြေအနေကို ရင်ဆိုင်ဖို့ နောက်မတွန့်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးနဲ့ ဆက်လက်တွဲရမယ်ဆိုရင် ဒီလိဂ်ပြိုင်ပွဲက ပိုပြီး မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်ဆိုတာ သေချာပါတယ်။ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့နဲ့အတူ ပြင်သစ်လိဂ်လည်း မဖွံ့ဖြိုးလာခဲ့ပါဘူး။ အီတလီဆီ စီရော်နယ်ဒိုထွက်ခွာသွားပေမယ့်လည်း အီတလီလိဂ်ရဲ့နိုင်ငံရပ်ခြားဝင်ငွေ မတိုးတက်လာခဲ့ပါဘူး။ သူတို့နှစ်ဦးလုံးကို ဆုံးရှုံးခဲ့ရတဲ့ ကျွန်တော်တို့ကတောင် ဒီထက်ပိုပြီး လုပ်နိုင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ စပွန်ဆာတွေနဲ့ ရုပ်မြင်သံကြားမီဒီယာတွေပဲ ဖြစ်ပါတယ်။ သူတို့အလေးထားတဲ့အရာက ဒီပြိုင်ဆိုင်မှုဟာ စီးပွားရေးအရ ရေရှည်တည်တံ့ပြီး နောက်ထပ်ခုနစ်နှစ်အကြာမှာလည်း အရမ်းပြင်းထန်တဲ့ ပြိုင်ဆိုင်မှုအဖြစ် ဆက်ရှိနေစေဖို့ပါပဲ။ စပိန်မှာဆိုရင်တော့ အမြဲတမ်းလိုလို အရမ်းကောင်းတဲ့ကစားသမားတွေ ရှိပါတယ်။ ဒီနှစ်မှာဆိုရင် ကမ္ဘာ့အကောင်းဆုံး ဘယ်လင်ဟမ်ရှိတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း အရမ်းကောင်းတဲ့အဆင့်အတန်းမျိုးမှာရှိတဲ့ လီဝန်ဒေါစကီး၊ အက်သလက်တီကိုမက်ဒရစ်ရဲ့ ဂရစ်ဇ်မန်းတို့ ရှိခဲ့ပါတယ်။ အမ်ဘာပေသာ ကျွန်တော်တို့ကို ကူညီပေးဖို့ ရောက်ရှိလာမယ်ဆိုရင် ဒီလိဂ်ပြိုင်ပွဲက ပြိုင်ဆိုင်မှုပိုကြီးမားလာပြီး ပိုမိုလျှင်လျှင်မြန်မြန်တိုးတက်လာပါလိမ့်မယ်”လို့ ပြောပါတယ်။

ပြင်သစ်တိုက်စစ်ကြယ်ပွင့်ကိုယ်တိုင်ကတော့ လာမယ့်ဘောလုံးရာသီ၊ ဘယ်ကလပ်အသင်းမှာ ရှိနေမလဲဆိုတာ မကြေညာရသေးပေမယ့် အများစုကတော့ အမ်ဘာပေရဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့မှုက အချိန်အနည်းငယ်သာ စောင့်ဆိုင်းရမယ်လို့ ယုံကြည်နေပါတယ်။ လတ်တလောမှာ အမ်ဘာပေရဲ့ကိုယ်စားလှယ်တွေက စပိန်ထိပ်သီးကလပ်လိုပဲ မန်စီးတီးနဲ့လည်း ဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

#လာလီဂါ #ရော်နယ်ဒို #မက်ဆီ #တီဘက်စ်