ရှေ့သို့
Image

ဗယ်လီကာနိုနဲ့ သရေပွဲစဉ်အပြီး မပျော်ရွှင်မိဘူးလို့ ဆိုလိုက်တဲ့ အန်ဆယ်လော့တီ

11:23 AM, 19 February

ရီးရဲလ်မက်ဒရစ်အတွက် ဗယ်လီကတ်စ်ကွင်းမှာ ဗယ်လီကာနိုနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ တနင်္ဂနွေနေ့၊ ညဦးပိုင်းအချိန်တွေက စိတ်ပျက်စရာအပြည့် ဖြစ်နေခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အန်ဆယ်လော့တီရဲ့အသင်းက လာမယ့်သီတင်းပတ်၊ ဆီဗီလာကို ဧည့်ခံကစားရမယ့်ပွဲစဉ်မှာ ကာဗာဂျယ်လ်၊ ကာမာဗင်ဂါတို့ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လက်လွှတ်ဆုံးရှုံးရဖို့ ရှိနေပြန်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီက အခုပွဲစဉ်ရလဒ်ပိုင်းအပေါ် ကျေနပ်မှုမရှိဘူးလို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေဆီ ပြောကြားလာပါတယ်။

သူက “ဒီသရေပွဲစဉ်အပြီး ကျွန်တော်တို့ မပျော်ရွှင်ခဲ့ပါဘူး။ ပယ်နယ်တီမပေးရခင်အထိ ကျွန်တော်တို့တွေ ကစားပုံကောင်းမွန်ခဲ့ပြီး ဒီပယ်နယ်တီပေးလိုက်ရပြီးနောက်မှာပဲ ကျွန်တော်တို့ရဲ့ပွဲစဉ်က အပြောင်းအလဲဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ ထိတ်လန့်တုန်လှုပ်ခဲ့ကြပါတယ်။ ဒီကွင်းမှာ ကစားရတာ အမြဲလိုလိုခက်ခဲပါတယ်။ တစ်ဦးချင်းရင်ဆိုင်တိုက်ခိုက်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ဗယ်လီကာနိုရဲ့ ကစားပုံလည်း ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ တစ်မှတ်ရခဲ့ပေမယ့် မကျေနပ်နိုင်ပါဘူး။ ဒါပေမယ့် အနာဂတ်မှာတော့ ဒီသရေတစ်မှတ်က ကောင်းမွန်တဲ့ရမှတ်တစ်မှတ် ဖြစ်လာနိုင်ပါတယ်”လို့ ပြောပါတယ်။

အလားတူ အန်ဆယ်လော့တီက လတ်တလောထွက်ပေါ်နေတဲ့ အမ်ဘာပေ အပြောင်းအရွှေ့ဇာတ်လမ်းဟာ အသင်းကစားသမားတွေအပေါ် သက်ရောက်မှုရှိခဲ့တယ်ဆိုတဲ့ ထင်ကြေးတွေကိုလည်း ပယ်ချခဲ့ပါတယ်။ အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့နိုင်ရေး အတော်လေးနီးစပ်နေပြီလို့ အခုသီတင်းပတ်အတွင်း ကောလာဟလတွေ ထွက်ရှိလာခဲ့ပါတယ်။

အန်ဆယ်လော့တီက “ကျွန်တော်တု့ိတွေ ဘယ်တုန်းကများ အာရုံစူးစိုက်မှု ပျက်ပြားခဲ့တာမျိုး ရှိခဲ့လို့လဲ? ကျွန်တော်တို့တွေ အမြဲတမ်းအာရုံစိုက်ပြီး အလုပ်တွေလုပ်ခဲ့ပါတယ်။ ဒီနေ့မှာလည်း အလားတူပါပဲ။ အခုဘောလုံးရာသီ၊ အကြောင်းအရာတစ်ခုခုအတွက် ဒီအသင်းအပေါ် အပြစ်တင်ကြိမ်းမောင်းဖို့ဆိုတာ အရမ်းခက်ခဲပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

လာမယ့်သီတင်းပတ်၊ ဆီဗီလာနဲ့ရင်ဆိုင်ရချိန် ကာဗာဂျယ်လ်၊ ကာမာဗင်ဂါတို့ကို လက်လွှတ်ထားရပေမယ့် နိုင်ပွဲလမ်းကြောင်းဆီ ပြန်လည်တက်လှမ်းနိုင်ရေး ရီးရဲလ်မက်ဒရစ်တို့ မျှော်လင့်နေပါလိမ့်မယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ #ဗယ်လီကာနို