ရှေ့သို့
Image

ဒါဝင်နူနက်ဇ်၊ ဂျိုတာတို့ရဲ့ စိုးရိမ်စရာ ဒဏ်ရာအခြေအနေသတင်းကို ထုတ်ပြောလာတဲ့ ယာဂန်ကလော့ပ်

11:00 AM, 18 February

လီဗာပူးနည်းပြယာဂန်ကလော့ပ်က အသင်းတိုက်စစ်မှူးတွေဖြစ်တဲ့ ဒါဝင်နူနက်ဇ်၊ ဂျိုတာတို့ရဲ့ စိုးရိမ်ဖွယ် ဒဏ်ရာအခြေအနေသတင်းစကားတွေကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယမန်နေ့ညပိုင်း၊ အစောပိုင်းပွဲစဉ်အဖြစ် လီဗာပူးက ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ ၁-၄ ဂိုးဖြင့် အနိုင်ရှိခဲ့တဲ့ပွဲစဉ်အတွင်း မိုဆာလက်က အရန်ခုံတန်းမှထလာကာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီရလဒ်ပိုင်းအပေါ် ကာတစ်ဂျုံးစ်၊ ဂျိုတာတို့ရဲ့ ပထမပိုင်းပွဲချိန်အတွင်း ဒဏ်ရာရရှိသွားမှုတွေက လွှမ်းမိုးသွားခဲ့ပါတယ်။ ဒါဝင်နူနက်ဇ်ကိုလည်း ပထမပိုင်းပွဲချိန်အတွင်းမှာ မြင်တွေ့ခဲ့ရပေမယ့် ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ပွဲကို ဆက်လက်ကစားနေတာမျိုး မမြင်တွေ့ခဲ့ရပါဘူး။

ဂျိုတာရဲ့ဒဏ်ရာက ဘရန့်ဖို့ဒ်ကွင်းလယ်လူနော်ဂတ်နဲ့ ထိခိုက်မိပြီး ပေါ်ပေါက်လာခဲ့တာပါ။ ဒါ့အပြင် ပထမပိုင်းပွဲချိန်အပြီး နူနက်ဇ်ကို လူစားလဲလှယ်လိုက်မှုက အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ဒါဝင်နူနက်ဇ်ရဲ့ အခြေအနေနဲ့ပတ်သက်လို့ သူ့ကို ကြိုတင်ကာကွယ်မှုတစ်ခုအဖြစ် လူစားလဲလှယ်လိုက်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကလော့ပ်က ရှင်းပြခဲ့ပါတယ်။

“ဒါဝင်နူနက်ဇ် တစ်ခုခုခံစားနေရသလား သို့မဟုတ် မခံစားရဘူးလားဆိုတာ ကျွန်တော်တို့လည်း သေချာမသိပါဘူး။ သူ နည်းနည်းလေးတော့ ခံစားနေခဲ့ရပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။ ဒါက ကျွန်တော်တို့အတွက်တော့ မလွယ်ကူလှပါဘူး”လို့ ဂျာမန်သားနည်းပြကြီးက ပြောပါတယ်။

ဂျိုတာ၊ ကာတစ်ဂျုံးစ်တို့ရဲ့အခြေအနေကို မေးမြန်းလာချိန် ကလော့ပ်က “ကျွန်တော်တို့ ကစားသမားတွေ ဆုံးရှုံးခဲ့ရပါတယ်။ ဒဏ်ရာဘယ်လောက်အထိ ပြင်းထန်လဲဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး။ သူတို့နှစ်ဦးလုံးအတွက် အခြေအနေကောင်းလှတယ်လို့တော့ မမြင်မိပါဘူး”လို့ ပြန်ဖြေခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #ဂျိုတာ #ဒါဝင်နူနက်ဇ် #ပရီးမီးယားလိဂ်