ရှေ့သို့
Image

ဘာပေအကြောင်းမစဉ်းစားသေးပဲ လက်ရှိရာသီအောင်မြင်ဖို့သာ အာရုံစိုက်နေကြောင်း အန်ဆယ်လော့တီ ပြောကြား

6:23 AM, 18 February

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက မိမိတို့အနေနဲ့ ဘာပေအကြောင်းထက် အခုရာသီအောင်မြင်မှုရယူနိုင်ဖို့သာ အာရုံစိုက်ထားကြောင်း ပြောကြားလိုက်ပါတယ်။ အန်ဆယ်လော့တီက စနေနေ့တုန်းက အခုလိုမျိုးပြောကြားခဲ့တာဖြစ်ပြီး မိမိတို့အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာကန်မယ့် ဗယ်လက်ကာနိုနဲ့ပွဲအတွက်ကိုသာ အာရုံစိုက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာပေဟာ ကြာသပတေးနေ့တုန်းက ရာသီအကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာမယ်လို့ ပြောကြားလိုက်ကာ မက်ဒရစ်က ပြင်သစ်သားကိုခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ မက်ဒရစ်ဟာ ဘာပေကို ခေါ်ယူနိုင်ဖို့ လွန်ခဲ့တဲ့နှစ်တွေကတည်းက ကြိုးပမ်းနေတာဖြစ်ပြီး ကစားသမားက ပီအက်စ်ဂျီမှာသာ ဆက်နေခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သတင်းတွေကြားမိပါတယ်။ အဲ့သတင်းက သတင်းထိပ်ပိုင်းအဖြစ် နေရာယူနေတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ မနက်ဖြန်ပွဲက အရေးကြီးပါတယ်။ မနက်ဖြန်မှာ အကောင်းဆုံးကစားနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ပွဲအကြောင်းပြောဖြစ်ပါတယ်။ ကျွန်တော်တို့ ဗယ်လက်ကာနိုရဲ့ဗီဒီယိုတွေမြင်ပါတယ်။ အခုပွဲက ကျွန်တော်တို့အတွက် အရေးကြီးတယ်ဆိုတာ သိပါတယ်။ ဒီရာသီမှာ အောင်မြင်မှုရဖို့ ဆုဖလားတွေရယူနိုင်ဖို့ အရေးကြီးပါတယ်။ လာမယ့်ရာသီမတိုင်ခင်အထိ ကျွန်တော်တို့အကြာကြီးသွားရဦးမှာပါ”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။

ရီးရဲလ်ကွင်းလယ်လူ ချူအာမီနီကလည်း သူ နဲ့ အသင်းဖော်တွေဟာ ဘာပေအကြောင်းပြောဖြစ်ကြတယ်လို့ မကြာသေးခင်က ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီမှာ ၇ နှစ်ကြာကစားခဲ့ပြီးနောက် ဘာပေဟာ အလွတ်နဲ့ထွက်ခွာတော့မှာဖြစ်ပြီး အသင်းတော်တော်များများက ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

ဒါပေမယ့် ရီးရဲလ်က ဘာပေကိုခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်နေပြီး ကစားသမားကိုယ်တိုင်ကလည်း စပိန်ကလပ်အသင်းမှာကစားချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်ချင်နေပါတယ်။ မက်ဒရစ်ဟာ လက်ရှိမှာ ဂီရိုနာကို ၅ မှတ်ဖြတ်ကာ ဦးဆောင်နေပြီး ချန်ပီယံလိဂ်မှာလည်း လိုက်ပ်ဇစ်ကို ၁-၀ နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ #အမ်ဘာပေ