ရှေ့သို့
Image

၂၀၂၃-၂၄ ရာသီပရီးမီးယားလိဂ်ဆုဖလား ဆွတ်ခူးမယ့်အသင်းကို ဟောကိန်းထုတ်လာတဲ့ မော်ရင်ဟို

2:20 PM, 16 February

ဟိုဆေးမော်ရင်ဟိုက ၂၀၂၃-၂၄ ရာသီအတွက် ပရီးမီးယားလိဂ်ဆုဖလား ဆွတ်ခူးမယ့်အသင်းကို ဟောထိန်းထုတ်ခဲ့ပြီး သူ့ရဲ့အသင်းဟောင်းတွေထဲက တစ်သင်းသင်းကိုလည်း ချန်ပီယံလိဂ်ဖလားဆွတ်ခူးစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရီယိုဖာဒီနန်နဲ့ပြုလုပ်ခဲ့တဲ့ အစီအစဉ်တစ်ခုမှာ မော်ရင်ဟိုဟာ သူ့ရဲ့လတ်တလောအနာဂတ်အကြောင်း၊ မန်ချက်စတာယူနိုက်တက်မှာရှိစဉ်က အခက်အခဲတွေအကြောင်း၊ အင်္ဂလန်ရွှေရောင်မျိုးဆက်ထဲက သူနှစ်သက်တဲ့ ကစားသမားတွေကြောင်းကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီသားက ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံနဲ့ ချန်ပီယံလိဂ်ချန်ပီယံတွေကိုလည်း ခန့်မှန်းချက်ထုတ်လာခဲ့ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်ဖလားဆွတ်ခူးမယ့်အသင်းကို မော်ရင်ဟိုက “မန်စီးတီး၊ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်လို့ပဲပြောရပါမယ်။ သူတို့ ၂ သင်းစလုံး ဖလားနဲ့လွဲပြီး အခြားအသင်း တစ်သင်းသင်းက ချန်ပီယံဖြစ်သွားရင် ကျွန်တော့်အတွက် အံ့ဩစရာ အကြီးကြီးဖြစ်လာမှာပါ။ ကျွန်တော်ကတော့ ရီးရဲလ်မက်ဒရစ်ကိုပိုရစေချင်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ပီအက်စ်ဂျီတို့လည်း လုပ်နိုင်တယ်ဆိုပေမယ့် ကျွန်တော်ကတော့ မထင်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီးတော့လည်း မော်ရင်ဟိုက “ပရီးမီးယားလိဂ်ဖလားကိုတော့ လီဗာပူးနဲ့ မန်စီးတီးတို့ထဲက တစ်သင်းသင်းရသွားမယ်ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီသားဟာ  သူကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းတွေဖြစ်တဲ့ တော့တင်ဟမ်၊ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကတော့ ပရီးမီးယားလိဂ်ဆုဖလားကို ရနိုင်တယ်လို့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။  ဒါ့အပြင် ချန်ပီယံလိဂ်မှာရော ပရီးမီးယားလိဂ်မှာပါ အခြေအနေကောင်းနေတဲ့ အာဆင်နယ်ကိုလည်း ဆုဖလား ဆွတ်ခူးနိုင်ချေရှိကြောင်းပြောဆိုဖို့ လျစ်လျူရှုခဲ့ပါတယ်။

ဆက်လက်ပြီး မော်ရင်ဟိုက ရိုးမားကနေ ထွက်ခွာခဲ့ရတာက နာကျင်ခဲ့ရကြောင်းကို “ကျွန်တော် အရာအားလုံးကိုပေးအပ်ခဲ့ပါတယ်။ နှလုံးသားကိုလည်းပေးအပ်ခဲ့တယ်။ ပရော်ဖက်ရှင်နယ်အမြင်မှာ မသင့်တော်ဘူးလို့ ယူဆရတဲ့အရာတွေကိုလည်း အသင်းအတွက်လုပ်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ကျွန်တော် ကြီးမားတဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ထားပါတယ်။ တစ်ခုက ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ကမ်းလှမ်းမှုပါ။ ကျွန်တော်ဘာကြောင့် ငြင်းခဲ့တာလဲဆိုတော့ လက်ရှိမှာ ပေါ်တူဂီအသင်းက အကောင်းဆုံးပုံစံရနေတာရယ်၊ ကမ္ဘာ့ဖလားက ၃ နှစ်လောက်လိုသေးတာရယ်ကြောင့်ပါ”လို့ ပြောကြားခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ မော်ရင်ဟိုက “ကျွန်တော် အသင်းကနေထွက်ခွာတော့ စိတ်ခံစားချက်ကို တော်တော်လေးထိန်းချုပ်ခဲ့ရပါတယ်။ အသင်းကို ဗိုလ်လုပွဲမှာအနိုင်ရစေပြီးတော့ အထုတ်ခံရတဲ့အခါ ခင်ဗျားသိပါလိမ့်မယ်။ ဒီကိစ္စမှာကျွန်တော် လက်တွေ့မကျခဲ့ပါဘူး။ နောက်ဆုံးမှာ ကျွန်တော်ထွက်သွားတော့ နာကျင်နေခဲ့ရပါတယ်။ ဒါပေမယ့် လူတွေကို ပျော်အောင်လုပ်ပေးနိုင်ခဲ့တဲ့တယ်ဆိုတဲ့ ခံစားချက်တော့ကျန်ခဲ့ပါတယ်။ ဥရောပဗိုလ်လုပွဲနှစ်ခုကို ပို့ပေးနိုင်ဖို့ဆိုတာ ဖြစ်လေ့ဖြစ်ထမရှိပါဘူး။ အထူးသဖြင့် ရိုးမားလို ဥရောပအောင်မြင်မှုကြီးကြီးမားမား မရှိတဲ့အသင်းမှာ ပိုဆိုးတာပေါ့။ ဒီရာသီမှာလည်း ကျွန်တော်က အသင်းအတွက် တတိယမြောက် ဥရောပဗိုလ်လုပွဲတစ်ခုကို ပို့ဆောင်ဖို့ တွေးနေခဲ့ပါတယ်။ ဒါပေမယ့် အသင်းပိုင်ရှင်တွေကို လေးစားရပါမယ်။ ကျွန်တော် ရှေ့ဆက်သွားပြီး အတွေ့အကြုံတွေကနေ သင်ယူရမှာပါ” လို့ပြောကြားခဲ့ပါတယ်။

#စီးရီးအေ #ရိုးမား #မော်ရင်ဟို