ရှေ့သို့
Image

အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်ထက် ပီအက်စ်ဂျီမှာပဲ ဆက်နေစေလိုတဲ့ အွန်နရီ

1:56 PM, 15 February

သီယာရီအွန်နရီက ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ်တို့ရဲ့ချိတ်ဆက်မှုတွေရှိနေတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကီလီယန်အမ်ဘာပေကို ပီအက်စ်ဂျီမှာပဲ ဆက်လက်ရှိစေလိုတယ်လို့ ပြောကြားလာခဲ့ပါတယ်။

မကြာသေးမီက ဘာပေဟာ အာဆင်နယ်ဂန္ထဝင်ကစားသမား အွန်နရီရဲ့ခြေရာကိုနင်းနိုင်ဖို့အတွက် အာဆင်နယ်သို့ ပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်ကလည်း ၂၀၁၈ မှာ ပြင်သစ်အတွက် ကမ္ဘာ့ဖလား ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ၂၅ နှစ်အရွယ် ဘာပေကိုခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီနဲ့ သဘောတူညီချက်တစ်ရပ်ကိုရှာဖွေနေတယ်လို့သိရပါတယ်။

ဘာပေဟာ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်တာကြောင့် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ဖို့ အလားအလားများဆုံးဖြစ်နေပေမယ့် အခုချိန်အထိတော့ သဘောတူညီမရရှိသေးပါဘူး။

လာမယ့်နွေရာသီမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကို ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပြီး အွန်နရီက ပြင်သစ်ဘောလုံးအသင်းကို နည်းပြအဖြစ် ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

ဘာပေနဲ့ပတ်သက်ပြီး အွန်နရီက “သူဘယ်အသင်းကိုသွားမလဲဆိုတာတော့ ဘယ်သူမှမသိပါဘူး။ ဒါပေမယ့် လူတိုင်းက သူအခြားအသင်းကိုပြောင်းမယ်လို့တော့ ထင်နေကြပါတယ်” လို့ပြောကြားခဲ့ပါတယ်။

အွန်နရီရဲ့ပြောကြားမှုကို ကာရေဂါက “ဒီလိုပြောင်းသွားရင် ခင်ဗျားအတွက် ပြဿနာဖြစ်လာနိုင်လား။ ခင်ဗျားက ပဲရစ်အိုလံပစ်မှာ ပြင်သစ်အသင်းရဲ့နည်းပြပါ။ တစ်နိုင်ငံလုံးကတော့ သူ့ကို ပြင်သစ်မှာပဲနေစေချင်ကြတာမဟုတ်လား” “တစ်ခုခုတော့ဖြစ်နေပြီမဟုတ်လား။ ခင်ဗျားနဲ့ သူနဲ့ အချိတ်အဆက်တွေ လုပ်ထားတယ်ဆိုတာ ကျွန်တော်သေချာပေါက်သိပေမယ့် သူဘယ်အသင်းကိုသွားရမလဲဆိုတာ အကြံပေးလိုက်ပြီလား” လို့မေးခွန်းထုတ်ခဲ့ပါတယ်။

အွန်နီရီက “အိုလံပစ်နဲ့ပတ်သက်လို့တော့ ကျွန်တော်သူ့ကို ဘာမှမပြောရသေးပါဘူး။ ကျွန်တော် ကစားသမားတွေခေါ်နေပေမယ့် ထိန်းထိန်းသိမ်းသိမ်းလုပ်နေပါတယ်။ ဒါပေမယ့်ဘာပေက အိုလံပစ်အတွက်ကစားချင်တယ်လို့ပြောခဲ့ပါတယ်။ ဒါဆိုရင်တော့ ဒီလိုကစားဖို့က နွေရာသီမှာ သူရွေးချယ်မယ့်အသင်းပေါ်မှာ မူတည်ပါတယ်”  “လူတွေကိုရှင်းပြဖို့လိုတာက အိုလံပစ်ဟာ ဖီဖာနဲ့မတူပါဘူး။ ဒါကြောင့် ကလပ်တွေ အနေနဲ့ သူတို့ရဲ့ကစားသမားကို မလွှတ်ဘဲနေလို့ရပါတယ် ။ ဘာပေအနေနဲ့ အိုလံပစ်အတွက်ကစားချင်ရင် ကစားလို့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ကလပ်က ခွင့်ပြုချက်တော့လိုတာပေါ့” လို့ပြောပါတယ်။

ဆက်လက်ပြီး ကာရေဂါက “သူက ရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့သွားတယ်ပဲဆိုပါစို့။ ဒါဆို ခင်ဗျားက သူကစားခွင့်ရမှ ပြင်သစ်ကို ပြန်ခေါ်လို့ရမှာပေါ့။ ဒါက ဘယ်လောက်အထိခက်ခဲမယ်ထင်လဲ” လို့မေးခွန်းထုတ်ပါတယ်။  အွန်နရီက “ဒါကခက်ပါတယ်။ ပြင်သစ်ကလပ်မှာရှိနေတဲ့ ကစားသမားတွေက ပြင်သစ်မှာကျင်းပမယ့်ပွဲမှာ ပါဝင်ကစားပေးဖို့ လွယ်ကူပေမယ့်  ပြည်ပကလပ်မှာရှိနေတဲ့ ကစားသမားတွေကတော့ ပြဿနာရှိပါတယ်။ သူတို့က ကစားသမားကို ပြန်မလွှတ်လည်းရတာပဲလေ။ ဒါကြောင့် အရမ်းခက်ပါလိ့မ်မယ်”

“ကျွန်တော့်အတွက်အခက်အခဲတစ်ခုကတော့ ကစားသမားက ပြင်သစ်အသင်းအတွက် ပါဝင်ချင်တယ်ပြောပြီးမှ နွေရာသီမှာ ပြည်ပကလပ်တစ်ခုကိုပြောင်းရွှေ့သွားရင် တိုင်ပတ်ပါပြီ။ ကျွန်တော်က ကစားသမားကိုလွှတ်ပေးဖို့ အဲဒီအသင်းဆီမှာ အသနားခံရပါလိမ့်မယ်”  “ဒါကခက်ခဲပါတယ်။ ဒါပေမယ့် ဘာပေက အိုလံပစ်မှာ ပြင်သစ်အသင်းအတွက် ကစားပေးချင်တယ်လို့ပြောတဲ့စကားက ကျွန်တော့်နားထဲမှာတော့ ဂီတသံတစ်ခုလို ချိုမြိန်နေတာပါပဲ” လို့ပြောကြားခဲ့ပါတယ်။

#ရီးရဲလ်မက်ဒရစ် #ပီအက်စ်ဂျီ #လီဂူးဝမ်း #အွန်နရီ