ရှေ့သို့
Image

ကစားသမားတွေအပေါ် ဝေဖန်ခဲ့လို့ နောင်တမရကြောင်း ကွန်တီထုတ်ဖော်ပြောကြား

10:21 AM, 15 February

ရာထူးကနေ အထုတ်မခံရခင် ဆောက်သမ်တန်မှာ သူ့ကစားသမားတွေကို ဝေဖန်ခဲ့တာနဲ့ ပတ်သက်ပြီး နောင်တမရကြောင်း ကွန်တီက အခိုင်အမာပြောကြားလိုက်ပါတယ်။၂ ဂိုးပြတ်ဦးဆောင်နိုင်နေရာကနေ ၃-၃ သရေကျခဲ့ပြီးနောက် ကွန်တီက သူ့ကစားသမားတွေရဲ့စွမ်းဆောင်ရည် နဲ့ စိတ်ပိုင်းဆိုင်ရာကို မေးခွန်းထုတ်ခဲ့သလို ပွဲအပြီးသတင်းစာရှင်းပွဲမှာလည်း အမျက်ဒေါသထွက်ခဲ့ပါတယ်။

တော့တင်ဟမ်ကနေ ထွက်ခွာပြီးနောက် ပထမဆုံးအင်တာဗျူးတစ်ခုမှာ ကွန်တီက “အခုချိန်မှာ ကျွန်တော့်ခံစားချက်က ဒါပါပဲ။ ကျွန်တော်တစ်စုံတစ်ခုပြောရင် အဲ့တာက အမြဲတမ်းမှန်ကန်ပါတယ်။ နိုး။ အရိုးသားဆုံးပြောရရင် ကျွန်တော် ဒီအကြောင်းကို နောင်တမရပါဘူး။ ဒါပေမယ့် ကျွန်တော် တော့တင်ဟမ်နဲ့ပတ်သက်ပြီး ခံစားချက်ကောင်းတွေရှိပါတယ်။ အဲ့အတွေ့အကြုံကို နှလုံးသားထဲမှာ သိမ်းထားမှာပါ။ ကျွန်တော်က ဒီနည်းလမ်းပဲ သုံးပါတယ်။ လိမ်ပြောရတာကို ကျွန်တော်မုန်းပါတယ်။ အဲ့တာက တစ်ခါတလေ ကျွန်တော့်ကိုကူညီနိုင်သလို တစ်ခါတလေ နာကျင်စေပါတယ်။ ဒါပေမယ့် ကျွန်တော် တိတ်တိတ်လေးနေတာထက်စာရင် ကျွန်တော်ပြောလိုက်တာက ပိုကောင်းပါတယ်။ ဘောလုံးရာသီအတွင်းမှာ အဲ့လိုမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရိုးသားစွာပြောဆိုဖို့ လိုအပ်ပါတယ်။ ကျွန်တော် အကုန်လုံးကို ကောင်းကောင်းသိပါတယ်။ ကစားသမားတစ်ဦးဖြစ်ခဲ့ဖူးတဲ့အတွက် အချို့နည်းပြတွေရဲ့ကောင်းမွန်တဲ့လိမ်ပြောမှုကို သိပါတယ်။ ကျွန်တော်ဒီလိုမျိုး မလိုချင်ပါဘူး။ ကျွန်တော် ကစားသမားတွေနဲ့စကားပြောချိန်မှာ အရိုးသားဆုံးပဲပြောပါတယ်။ ပထမဆုံး အခိုက်အတန့်မှာ သူတို့အနည်းငယ်စိတ်ဆိုးနိုင်ပါတယ်။ အဲ့နောက် ကျွန်တော့်အတွေ့အကြုံအရ အချိန်က ကစားသမားတွေ ခင်ဗျားကို အသိအမှတ်ပြုအောင်ကူညီပါလိမ့်မယ်။ သူတို့ စိတ်ဆိုးပြီးရင် အရိုးသားဆုံးအသိအမှတ်ပြုပါလိမ့်မယ်”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ကနေ အထုတ်မခံရခင် ကွန်တီဟာ ခွဲစိတ်မှုတစ်ခုခံယူခဲ့ရတာဖြစ်ပြီး ၄ ပတ်လောက်နားခဲ့ရပါတယ်။ ကွန်တီက သူအခုလိုမျိုးလျင်လျင်မြန်မြန်ပြန်လာနိုင်တာက တော့တင်ဟမ်ဥက္ကဌ လီဗိုင်းရဲ့အိမ်ပြန်ပြီး အနားယူဖို့ တိုက်တွန်းမှုကြောင့်လို့ ပြောကြားခဲ့ပါတယ်။

“ချန်ပီယံလိဂ် ၊ အက်ဖ်အေ နဲ့ လိဂ်ဖလားရှိတာကြောင့် အသင်းက အရေးကြီးတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် လျင်လျင်မြန်မြန်ပြန်လာနိုင်ဖို့ပဲ လုပ်ဆောင်ခဲ့တာပါ။ အဲ့နောက် ကျွန်တော် မကြာခင်မှာ ပြန်လာနိုင်မယ်လို့ ထင်ခဲ့ပါတယ်။ လီဗိုင်းက ကျွန်တော့်ကို အိမ်ပြန်ပြီး အနားယူခိုင်းတာပါ။ အေစီမီလန်ကို အရေးနိမ့်အပြီးမှာ သူက ကျွန်တော့်ကို အီတလီမှာပဲနေဖို့ ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက ဒီလိုမျိုးအနေအထားကို မကြိုက်သလို တော့တင်ဟမ် ဆရာဝန်တွေကလည်း အနားယူဖို့ပြောခဲ့တာကြောင့်ပါ။ အသင်းက ကျွန်တော့်ကို ကောင်းကောင်းလေးကူညီပေးခဲ့ကြပါတယ်”လို့ ကွန်တီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#တော့တင်ဟမ် #ကွန်တီ #ပရီးမီးယားလိဂ်