ရှေ့သို့
Image

ဒဏ်ရာရနေတဲ့ ဘယ်လင်ဟမ်ကို ဂုဏ်ပြုချီးကျူးလိုက်တဲ့ ရီးရဲလ်မက်ဒရစ်ဟီးရိုး ဒီယက်ဇ်

1:43 PM, 14 February

ဗုဒ္ဓဟူးနေ့နံနက်ပိုင်း၊ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် သူရဲကောင်းဖြစ်လာတဲ့ ဘရာဟင်ဒီယက်ဇ်က လိုက်ပ်ဇစ်ဘက်ကို တစ်လုံးတည်းသော အနိုင်ဂိုးသွင်းပြီးနောက် အသင်းဖော် ဘယ်လင်ဟမ်ရဲ့ အောင်ပွဲခံမှုပုံစံအတိုင်း လက်နှစ်ဖက်ဆန့်တန်းကာ အောင်ပွဲခံခဲ့သလို ပွဲစဉ်အပြီးမှာလည်း အင်္ဂလန်လက်ရွေးစင်ကစားသမားနဲ့ပတ်သက်လို့ ချီးကျူးပြောဆိုမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ပွဲချိန် ၄၈ မိနစ်မှာ တစ်ကိုယ်တော်အစွမ်းဖြင့် ပြိုင်ဘက်ခံစစ်ကို ကျော်ဖြတ်ကာ လှလှပပဂိုးသွင်းယူခဲ့တဲ့ ဒီယက်ဇ်ကို ဘယ်လင်ဟမ်ကလည်း ဆိုရှယ်မီဒီယာမှတဆင့် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဘယ်လင်ဟမ်က ဂျီရိုနာကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ လာလီဂါပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး သီတင်းပတ်သုံးပတ်ခန့် အနားယူရဖို့ရှိနေလို့ ဒီနေ့မနက်ပိုင်း၊ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။

ပွဲစဉ်အပြီး Movistar သတင်းဌာနနဲ့တွေ့ဆုံချိန် ဘရာဟင်ဒီယက်ဇ်က “ကျွန်တော် ဘယ်လင်ဟမ်ကို သဘောကျပါတယ်။ ကျွန်တော်တို့စတွေ့တဲ့အချိန်ကတည်းက ဆက်ဆံရေးကောင်းရှိခဲ့တာပါ။ အခု ကျွန်တော် သူ့ကို စပိန်စကားသင်ပေးနေပါတယ်။ သူက ကမ္ဘာ့အဆင့်ကစားသမားပါ။ သူနဲ့တွဲကစားရတာ ပျော်စရာကောင်းပါတယ်။ သူက ကွင်းထဲမှာတင်မဟုတ်ဘဲ ကွင်းပြင်ပမှာလည်း အရည်အချင်းရှိသူတစ်ဦး ဖြစ်ပါတယ်” “ဒီပွဲကို ဘယ်လင်ဟမ်၊ ရူဒီဂါနဲ့ ဒဏ်ရာရကစားသမားအများအပြား လွဲချော်ခဲ့ပေမယ့် ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာနဲ့ ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်ခုဖြစ်ကြောင်း ပြသနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

အေစီမီလန်မှ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လာတဲ့ ဘရာဟင်ဒီယက်ဇ်က အစောပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိမှာတော့ အသင်းနဲ့ အသားကျလာပြီး ပြိုင်ပွဲစုံ ရှစ်ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။

အခုပွဲစဉ်သွင်းဂိုးနဲ့ ပတ်သက်ပြီး ဘရာဟင်ဒီယက်ဇ်က “ကျွန်တော် ဘောလုံးရပြီး ပြေးထွက်လာချိန်မှာပဲ ပြိုင်ဘက်ကစားသမားတွေက ကျွန်တော့်ကျော်ဖြတ်သွားမှာကို စိုးရိမ်တကြီးပိတ်ဆို့နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်တော်က ဂိုးပေါက်ဆီ ကန်သွင်းလိုက်တာပါ။ ဗင်နီးစီးယက်စ်ဆီ ဘောလုံးပေးချင်ပေမယ့် အဆုံးမှာတော့ ကိုယ်တိုင်ပဲ ကန်သွင်းဖြစ်ခဲ့ပါတယ်။ လှပတဲ့ဂိုးတစ်ဂိုး ဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

လာလီဂါအမှတ်ပေးဇယားဦးဆောင်သူ ရီးရဲလ်မက်ဒရစ်က မတ် ၆ ရက်၊ ဘာနေဗျူးမှာ လိုက်ပ်ဇစ်ကို ဒုတိယအကျော့အဖြစ် ဧည့်ခံကစားရမယ့်ပွဲစဉ်မတိုင်ခင် ဗယ်လီကာနို၊ ဆီဗီလာ၊ ဗလန်စီယာတို့နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #လိုက်ပ်ဇစ် #ဒီယက်ဇ် #ဘယ်လင်ဟမ်