ရှေ့သို့
Image

ကိုပင်ဟေဂင်ကို အနိုင်ရပြီးနောက် ချန်ပီယံလိဂ်မှာ စံချိန်သစ်နှစ်ခုပိုင်ဆိုင်ခဲ့တဲ့ မန်စီးတီး

11:20 AM, 14 February

မန်ချက်စတာစီးတီးအသင်းက ဗုဒ္ဓဟူးနေ့နံနက်ပိုင်း၊ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ကိုပင်ဟေဂင်ကို ၁-၃ နဲ့ အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲစံချိန်သစ်နှစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ မန်စီးတီးအတွက် အဖွင့်ဂိုးကို ပွဲအစ ၁၀ မိနစ်မှာပဲ ကွင်းလယ်လူ ကယ်ဗယ်ဒီဘရိုင်းက သွင်းယူခဲ့ပေမယ့် ၃၄ မိနစ်မှာ ကိုပင်ဟေဂင်အတွက် မက်ဆင်က ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ဘာနာဒိုဆေးလ်ဗားက သွင်းယူပေးခဲ့သလို ဒုတိယပိုင်းမှာလည်း ဖိုဒန်က အနိုင်သေချာစေမယ့်ဂိုးကို ထပ်မံရယူပေးခဲ့လို့ ပွဲပြီးချိန်မှာ လက်ရှိချန်ပီယံတို့ ၁-၃ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဒီရလဒ်ကြောင့် မန်စီးတီးဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ၇ ပွဲ ဆက်တိုက် အနည်းဆုံး ၃ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက မန်စီးတီးဟာ အဲဒီ ၇ ပွဲစလုံးမှာ ပွဲစဉ်တိုင်းကို ၃ ဂိုးစီသွင်းယူခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်တွေမှာ ၆ ပွဲစလုံးကို အနိုင်ရခဲ့ပြီး အဲဒီ ၆ ပွဲစလုံးမှာလည်း ၃ ဂိုးစီသွင်းယူခဲ့တာကြောင့် စံချိန်သစ်ကို ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကိုပင်ဟေဂင်ကို ဂိုးပြတ်နိုင်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းဖို့ အခွင့်အရေးများသွားတဲ့ မန်စီးတီးဟာ အင်္ဂလိပ်ကလပ်တွေ မရခဲ့ဖူးတဲ့ ချန်ပီယံလိဂ်စံချိန်သစ်တစ်ခုကို ပထမဆုံးအကြိမ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။  
မန်စီးတီးက ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ၉ ပွဲဆက်တိုက်အနိုင်ရခဲ့တဲ့ ပထမဆုံး အင်္ဂလိပ်အသင်းဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ရာသီ၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှစတင်ကာ အခုလို နိုင်ပွဲဆက်မှတ်တမ်းကို ဖော်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

မန်စီးတီးရဲ့ ယခုနိုင်ပွဲကို အဓိကနေရာမှပါဝင်ပုံဖော်ပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဒီဘရိုင်းကလည်း ဒီပွဲမှာ ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးနိုင်ခဲ့လို့ ကစားသမားဘဝ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် နောက်ဆုံးပွဲစဉ် ၂၂ ပွဲမှာ ၁၀ ဂိုးသွင်း၊ ၁၀ ဂိုး ဖန်တီးနိုင်ခဲ့တဲ့မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။  ပြီးခဲ့တဲ့စနေနေ့၊ အဲဗာတန်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်လာခဲ့ပြီး ဟာလန်းအတွက် ဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့တဲ့ ဒီဘရိုင်းက ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီဖြစ်လို့ မန်စီးတီးရဲ့ ဖလားသုံးလုံး အောင်မြင်မှုဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် အကူအညီပေးလာပါပြီ။

လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ မန်စီးတီးက ထိပ်ဆုံးနေရာရှိ လီဗာပူးနဲ့ ၂ မှတ်ကွာဟနေပြီး လာမယ့်တနင်္ဂနွေနေ့မှာတော့ ချဲလ်ဆီးကို အိမ်ကွင်းအီတီဟတ်မှာ လက်ခံကစားရပါမယ်။

#မန်စီးတီး #ဒီဘရိုင်း #ချန်ပီယံလိဂ် #ကိုပင်ဟေဂင်