ရှေ့သို့
Image

ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပထမအကျော့ အနိုင်ရလဒ်အတွက် ကျေနပ်အားရနေတဲ့ အန်ဆယ်လော့တီ

9:48 AM, 14 February

ဒီနေ့မနက်ပိုင်း၊ ဂျာမန်မြေမှာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် (ပထမအကျော့)ပွဲစဉ်အဖြစ် လိုက်ပ်ဇစ်ကို အနိုင်ရရှိခဲ့ခြင်းကြောင့် ရီးရဲလ်မက်ဒရစ်ကစားသမားတွေနဲ့ အတူ နည်းပြအန်ဆယ်လော့တီလည်း ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့ပါတယ်။ ဒီပွဲစဉ်မှာ စပိန်ဘီလူးကြီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဘရာဟင်ဒီယက်ဇ်က သွင်းယူပေးခဲ့ပါတယ်။

အန်ဆယ်လော့တီက “ကျွန်တော့်ဆီမှာ အလွန်ကောင်းမွန်တဲ့ စိတ်နေစိတ်ထား၊ အလွန်ကြီးမားတဲ့ အာရုံစူးစိုက်မှုနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းတစ်ခုရှိပါတယ်။ အိမ်ကွင်းမှာဆိုရင် ပြိုင်ဘက်ကိုခက်ခဲအောင် အမြဲလုပ်ဆောင်နိုင်တဲ့အသင်းတစ်ခုနဲ့ရင်ဆိုင်ရချိန် ကျွန်တော်တို့အသင်း ခုခံကစားသွားတဲ့ပုံစံကို ကျွန်တော် အရမ်းသဘောကျမိပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုပြီး ဂိုးတွေ သွင်းယူနိုင်ခဲ့သင့်သလို ပြိုင်ဘက်အတွက် ပေးဂိုးတွေခွင့်ပြုပေးရဖို့လည်း နီးစပ်ခဲ့ပါတယ်။ ဒီရလဒ်ကတော့ အားသာချက်အနည်းငယ်ရှိစေပြီး ဒုတိယအကျော့၊ ကျွန်တော်တို့အိမ်ကွင်းမှာ အကောင်းဆုံးကစားသွားရပါဦးမယ်။ ဒါပေမယ့် ဒီနေ့ပြသသွားတဲ့ စိတ်နေစိတ်ထားခံယူချက်မျိုးကို ဒုတိယအကျော့မှာလည်း ပြသသွားဖို့ လိုအပ်ပါလိမ့်မယ်”

“လိုက်ပ်ဇစ်က တိုက်စစ်အားကောင်းပြီး တောင်ပံကစားသမားတွေ အတွင်းထဲထိဝင်ကာ စုစုစည်စည်းနဲ့ အကောင်းဆုံး ကစားလေ့ရှိပါတယ်။ သူတို့မှာ အရမ်းကောင်းမွန်ပြီး ကစားပုံမတူညီတဲ့ တိုက်စစ်မှူးနှစ်ဦး ပိုင်ဆိုင်ထားပါတယ်။ Clean Sheet ရလိုက်တာ အရမ်းကောင်းသလို ဒါကပဲ ကျွန်တော်တို့ ကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့တယ်ဆိုတာ ပြသနေပါတယ်။ ပထမပိုင်း ပွဲချိန်တွေမှာ ပြိုင်ဘက်တောင်ပံတိုက်စစ်မှူးတွေရဲ့ နေရာယူပုံတွေကြောင့် ကျွန်တော်တို့ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ဒါကို အဆင်ပြေအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါတောင်မှ အခုလို ရလဒ်ကောင်းရရှိအောင် ကျွန်တော်တို့ အတော်လေးကြိုးစားခဲ့ရပါတယ်”

“အသင်းကတော့ ပုံစံကောင်းပြသနေပါတယ်။ လိုက်ပ်ဇစ်က ပြင်းထန်တဲ့ကြိုးစားအားထုတ်မှုနဲ့ ကစားခဲ့လို့ ဒီနေ့ပွဲစဉ်က အတော်လေးခက်ခဲတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ကစားကွက်အခင်းအကျင်း မြန်မြန်ဆန်ဆန်ပြောင်းလဲနိုင်မှုကို လိုက်မှီနိုင်ဖို့ ကျွန်တော်တို့တွေ ခံစစ်ကို ကျစ်ကျစ်လစ်လစ်စုစုစည်းစည်း ကစားခဲ့ရပါတယ်။ ကျွန်တော်တို့မှာ ထိပ်တန်းအရည်အသွေးရှိ ကစားသမားတွေ ပိုင်ဆိုင်ထားလို့ အသင်းက လက်ရှိမှာ အဆင်ပြေနေပါတယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်အတွက် အနိုင်ဂိုးရှင်ဘရာဟင်ဒီယက်ဇ်နဲ့ ပတ်သက်လို့ အန်ဆယ်လော့တီက “မီလန်မှာ ရှိနေစဉ်ကတည်းက သူ့ကို ကောင်းမွန်တဲ့ခံယူချက်၊ ကိုယ်ရည်ကိုယ်သွေးတွေနဲ့အတူ သန်သန်မာမာ၊ အားသွန်ခွန်စိုက်ကစားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဘရာဟင်ဒီယက်ဇ်က ပွဲထွက်ကစားခွင့် များများစားစား မရရှိခဲ့ဘူးဆိုရင်တောင် သူကစားခွင့်ရရှိချိန်တိုင်း အသင်းကို အမြဲတမ်း ကူညီပေးလေ့ရှိပါတယ်။ အခုအချိန်မှာတော့ သူကိုယ့်သူ ယုံကြည်မှုအပြည့်ရှိနေပါပြီ။ သူက အံ့မခန်းလောက်စရာသွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ဒါက မယုံကြည်နိုင်လောက်စရာပါ။ အမှန်ပါပဲ၊ သူရဲ့ကြိုးစားမှုကို ဒီသွင်းဂိုးက မီးမောင်းထိုးပြသနေပါတယ်။ ခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်ပေမယ့် အသင်းက နောက်ဆုံးအချိန်အထိ အာရုံစိုက်ပြီး ကြိုးစားကစားသွားခဲ့ပါတယ်။ ဘရာဟင်ဒီယက်ဇ်က ဘယ်လင်ဟမ်နေရာမှာ ဝင်ကစားချိန်တိုင်း အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း အသင်းရဲ့ကစားကွက်ကို မပြောင်းလဲချင်ခဲ့သလို ဗင်နီစီးယက်စ်နဲ့ ရိုဒရီဂိုတို့ကို တောင်ပံထွက်ပြီး ကစားစေချင်ခဲ့ပါတယ်။ ဘရာဟင်ဒီယက်ဇ်မှာ ခြေကျင်းဝတ်နဲ့ ခြေသလုံး နာကျင်မှုရှိခဲ့လို့ မနက်ဖြန်မှာ စစ်ဆေးအကဲဖြတ်သွားပါမယ်။ ကျွန်တော်ကတော့ ဒါကို ကြွက်သားပြဿနာလို့ မမြင်မိပါဘူး”လို့ ဆက်ပြောခဲ့ပါတယ်။

#ရီးရဲလ်မက်ဒရစ် #လိုက်ပ်ဇစ် #ချန်ပီယံလိဂ် #အန်ဆယ်လော့တီ