ရှေ့သို့
Image

ချဲလ်ဆီးတစ်သင်းလုံး ပိုချက်တီနိုနောက်မှာ ရှိနေတယ်လို့ ပယ်လ်မာ ပြောကြား

8:26 AM, 14 February

ချဲလ်ဆီးအသင်းစတား ကိုးလ်ပယ်လ်မာက ပဲလေ့စ်ကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီးနောက် မိမိတို့တစ်သင်းလုံး ပိုချက်တီနိုနောက်မှာရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၂၁ နှစ်သားက အသင်းဖော်တွေဟာ ဝေဖန်သံတွေကို နှုတ်ဆိတ်အောင် လုပ်ဆောင်ဖို့ ကြိုးစားနေကြတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ပီလာနဲ့ ပဲလေ့စ်တို့ကိုအနိုင်ရပြီးနောက် ပိုချက်တီနိုဟာ ဖိအားတွေကိုလျော့ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တိုင်းသားကတော့ ပြီးခဲ့တဲ့ညတုန်းက သူ့အနေနဲ့ ဖိအားတွေ ၊ တင်းမာမှုတွေနဲ့ သတင်းအမှားတွေကို ဂရုမစိုက်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဂယ်လာဟာ နဲ့ အန်ဇိုတို့ရဲ့ဂိုးတွေကို ဖန်တီးပေးနိုင်ခဲ့တဲ့ ဂယ်လာဟာက “နည်းပြက ကျွန်တော်တို့အားလုံးကို နေ့တိုင်း ကူညီနေပါတယ်။ သူက ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာကို အနည်းငယ်ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ အများကြီးထောက်ခံအားပေးသလို အခုလိုအတူတူဆက်သွားနိုင်အောင်လည်း ကြိုးစားမှာပါ။ သူက ပထမဆုံးနေ့ကတည်းက ကျွန်တော့်ကိုအများကြီး ကူညီပေးခဲ့ပါတယ်။ ဒီကိုစရောက်ကတည်းက ကျွန်တော့်ကို တွဲခေါ်ခဲ့သလို လွတ်လပ်မှုကော ယုံကြည်မှုကော ပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ကစားရတာ အဆင်ပြေခဲ့ပါတယ်။  အက်ဖ်အေဖလားနိုင်ပွဲအပြီးမှာ ကျွန်တော်တို့ အစည်းအဝေးလုပ်ခဲ့ပြီး သူက ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာကို ယုံကြည်ပါတယ်။ ကျွန်တော်တို့ကလည်း ကိုယ့်ကိုကိုယ်ယုံကြည်ပါတယ်။ ဒါပေမယ့် လူတိုင်းက ခင်ဗျားမကောင်းဘူးပြောရင် ခင်ဗျားအနေနဲ့ ကြိုးစားပြီး သက်သေပြဖို့ လိုအပ်ပါတယ်။ အမြဲတမ်းပြောဆိုမှုတွေတော့ရှိပါတယ်။ ဘောလုံးပရိသတ်တွေက ခင်ဗျားသိတဲ့အတိုင်းပါပဲ။ ချဲလ်ဆီးက အသင်းကြီးတစ်သင်းပါ။ သူတို့အများကြီးအောင်မြင်ခဲ့တယ်ဆိုတာ မြင်နိုင်ပါတယ်။ ရလဒ်မကောင်းရင် အပြောခံရမှာ သေချာပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နောက်ဆုံး ၂ ပွဲမှာ ကျွန်တော်တို့ အတူတူကြိုးစားပြီး ဆက်သွားနိုင်မယ်လို့ ထင်မြင်ခဲ့ပါတယ်”လို့ ပယ်လ်မာက ပြောကြားခဲ့ပါတယ်။

ပိုချက်တီနိုကတော့ “ကျွန်တော်သတင်းအမှားတွေကို ဂရုမစိုက်ပါဘူး။ တင်းမာမှုတွေ နဲ့ ဖိအားတွေကိုလည်း ဂရုမစိုက်ပါဘူး။ ကျွန်တော် အရှိတရားမှာ ဘာလုပ်ရမလဲဆိုတာကိုပဲ ကြည့်ပါတယ်။ ပြီးတော့ အလုပ်ဆက်ကြိုးစားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပဲလေ့စ်နဲ့ပွဲတုန်းက ပထမပိုင်းမှာ ဂိုးပေါက်တည့်ကန်ချက် ၁ ကြိမ်သာ ရှိခဲ့သလို လာမာရဲ့ဂိုးကိုလည်း ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ဥရောပပြိုင်ပွဲဝင်ခွင့်ရဖို့အတွက် ချဲလ်ဆီးအနေနဲ့ အခုခြေစွမ်းကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်နေပြီး အဆင့် ၄ နေရာက တော့တင်ဟမ် နဲ့ ၁၃ မှတ်အထိ ကွာဟနေပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ဂယ်လာဟာ #ပရီးမီးယားလိဂ်