ရှေ့သို့
Image

ဗင်နီစီးယက်စ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်တဲ့ အန်ဆယ်လော့တီ

4:49 PM, 13 February

ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက အသင်းရဲ့တောင်ပံကစားသမား ဗင်နီစီးယက်စ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောကြားလာခဲ့ပါတယ်။

လာမယ့်ဗုဒ္ဓဟူးနေ့မှာ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ပွဲစဉ်အဖြစ် ဂျာမန်ကလပ် လိုက်ပ်ဇစ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အန်ဆယ်လော့တီက ဗင်နီစီးယက်စ်အကြောင်းကို ပြောကြားလာခဲ့တာဖြစ်ပါတယ်။

အန်ဆယ်လော့တီက “သူအခုလက်ရှိလုပ်နေတာကို ဆက်လုပ်နိုင်မယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်လာပါလိမ့်မယ်။ သူ့မှာအရည်အသွေးတွေအများကြီးရှိနေပြီး သူ့ရဲ့ကျော်ဖြတ်မှုတွေနဲ့ အရှိန်အဟုန်တွေက အလွန်ပြင်းထန်ပါတယ်။ သူက ဒီလိုကစားတာမျိုးကို မိနစ် ၉၀ အပြည့်လုပ်နိုင်တာကြောင့် ဒုတိယပိုင်းတွေမှာ ပြိုင်ဘက်တွေကို အမြဲတမ်းအခက်တွေ့စေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မကြာသေးမီက ရီးရဲလ်မက်ဒရစ်ဟာ ဂျီရိုနာကို ၄ ဂိုးပြတ် အနိုင်ရခဲ့ပြီး ဒီနိုင်ပွဲမှာ ဗင်နီစီးယက်စ်ရဲ့စွမ်းဆောင်ရည်က အဓိကနေရာကနေပါဝင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်လက်ရွေးစင်ကစားသမားဟာ အသင်းအတွက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့အပြင် အသင်းဖော်ဂျုဘယ်လင်ဟမ်အတွက်လည်း ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်အပြီးမှာလည်း အန်ဆယ်လော့တီက ပွဲတစ်ပွဲကို အာရုံစိုက်ပြီးကစားမယ်ဆိုရင် ဗင်နီစီးယက်စ်က ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိရာသီကစားထားတဲ့ ၆ လတာကာလအတွင်းမှာ ရီးရဲလ်မက်ဒရစ်ဟာ ရှုံးပွဲ ၂ ပွဲသာရှိခဲ့တာကြောင့် ဒီရာသီဟာ ဗင်နီးစီးယက်စ်ရဲ့ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ အကောင်းဆုံး ရာသီလည်းဖြစ်နေပါတယ်။

ပြီးခဲ့တဲ့နှစ်က အန်ဆယ်လော့တီဟာ လက်ရှိရီးရဲလ်မက်ဒရစ်ရဲ့ လူစာရင်းဟာ သူ့ရဲ့နည်းပြသက်တမ်းတစ်လျှောက် အားရစရာအကောင်းဆုံး လူစာရင်းဖြစ်တယ်လို့ မကြာခဏ ဖော်ပြခဲ့ဖူးပါတယ်။ အီတလီသားက ရီးရဲလ်မက်ဒရစ်မှာ စီနီယာကစားသမားကြီးတွေက လူငယ်တွေကို အကူအညီတွေပေးပြီး လက်တွဲခေါ်နေတာကြောင့် အခုလို ချောမွေ့တဲ့ သွေးသစ်လောင်းစနစ်ကို ရရှိထားတာဖြစ်တယ်လို့ မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ #ဗင်နီစီးယက်စ်