ရှေ့သို့
Image

အလွန်ဆိုရဲ့အနာဂတ် ဘယ်မှာရှိမလဲဆိုတာ သုံးသပ်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီ

3:50 PM, 13 February

ဝါရင့်နည်းပြကြီး အန်ဆယ်လော့တီက အနာဂတ်ကာလ ရီးရဲလ်မက်ဒရစ်ကို ပဲ့ကိုင်ပေးနိုင်သူအဖြစ် ပေါ်ပေါက်လာသူမှာ ဇာဘီအလွန်ဆိုဖြစ်တယ်လို့ ထောက်ခံပေးလိုက်ပါတယ်။ အခုဘောလုံးရာသီကုန်မှာပဲ ကိုးနှစ်ကြာ အန်ဖီးလ်ခရီးစဉ်ကို အဆုံးသတ်မယ့် ယာဂန်ကလော့ပ်နေရာကို ဆက်ခံသူအဖြစ် ရေပန်းအစားဆုံးနည်းပြမှာ လီဗာပူးအကျော်အမော်ဟောင်း အလွန်ဆို ဖြစ်နေပါတယ်။

အန်ဆယ်လော့တီကိုယ်တိုင်လည်း ၂၀၂၄ ခုနှစ်မှာ မက်ဒရစ်မှထွက်ခွာမယ်လို့ သတင်းကြီးခဲ့ပေမယ့် ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း စာချုပ်သက်တမ်းတိုးကာ ရီးရဲလ်မက်ဒရစ်ကို ၂၀၂၆ ခုနှစ်အထိ ကိုင်တွယ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တဖက်မှာလည်း အလွန်ဆိုက လီဗာပူးအတွက် ၁၄၃ ပွဲအထိ ပါဝင်ကစားပေးခဲ့ဖူးပြီး အသင်းနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားပါတယ်။

လက်ရှိမှာလည်း သူက လေဗာကူဆင်နည်းပြအဖြစ် အံ့အားသင့်စရာတွေ ဖန်တီးပြနေပါတယ်။ ပြီးခဲ့တဲ့စနေနေ့မှာပဲ အလွန်ဆိုရဲ့အသင်းက ဘွန်ဒက်စ်လီဂါချန်ပီယံပြေးလမ်းထက် အနီးဆုံးပြိုင်ဘက်ဘိုင်ယန်မြူးနစ်ကို အလဲထိုးကာ ငါးမှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ပြတ်ပြတ်သားသား ဦးဆောင်လိုက်ပါတယ်။

သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း အလွန်ဆိုအတွက် ရီးရဲလ်မက်ဒရစ်နည်းပြဖြစ်လာနိုင်ခြေအပေါ် မေးမြန်းလာမှုကို အန်ဆယ်လော့တီက “ဇာဘီအလွန်ဆိုလား? သူက အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်နည်းပြ ဖြစ်လာနိုင်တယ်ဆိုတာ သံသယမရှိကြပါနဲ့။ သူ့မှာ နည်းပြကောင်းတစ်ဦးဖြစ်လာဖို့ အရည်အချင်းတွေ အားလုံးရှိနေပြီး ဒီအလုပ်ကိုလည်း လုပ်နိုင်စွမ်းရှိပါတယ်။ ကျွန်တော် သူ့ကို ကြိုက်နှစ်သက်သလို အသင်းအပေါ် သူ့ရဲ့ဦးဆောင်ပုံကိုလည်း ကြိုက်နှစ်သက်ပါတယ်။ အလွန်ဆိုက ကျွန်တော်အကြိုက်ဆုံးနည်းပြစာရင်းမှာ ပါဝင်သူတစ်ဦးဖြစ်ပါတယ်”လို့ ပြောပါတယ်။

တဖက်မှာလည်း လေဗာကူဆင်စီအီးအို ဖာနန်ဒိုကာရိုက အလွန်ဆိုရဲ့ လက်ရှိစာချုပ်မှာ ရီးရဲလ်မက်ဒရစ် သို့မဟုတ် လီဗာပူး နည်းပြတာဝန်ယူဖို့ ခွင့်ပြုပေးထားတဲ့ အချက်မျိုးမပါဝင်ဘူးလို့ ငြင်းဆန်လိုက်ပါတယ်။ ကာရိုက ကလပ်အသင်းနဲ့ အလွန်ဆိုတို့အကြား ခိုင်မာတဲ့ သံယောဇဉ်အကြောင်းကို အလေးပေးဖော်ပြခဲ့ပြီး အလွန်ဆိုပျော်ရွှင်နေဖို့သာ ကလပ်အသင်းဘက်က လိုလာပြီး အသင်းမှထွက်ခွာချင်တယ်ဆိုရင်လည်း တားမြစ်သွားဖို့ မရှိပါဘူးလို့ ပြောခဲ့ပါတယ်။

အခုလို ကလပ်အသင်းဟောင်းတစ်ခုအတွက် အလွန်ဆိုရဲ့ထွက်ခွာမှုကို ခွင့်ပြုပေးမယ့် စာမှတ်စာသားသဘောတူညီမှုမျိုး မရှိထားပေမယ့် ကာရိုက တခါတရံမှာ သဘောတူညီမှုတွေဟာ စာချုပ်ပေါ်မှာ ရှိမနေတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

လီဗာပူးသာ တရားဝင်ကမ်းလှမ်းလာမယ်ဆိုရင်တော့ နည်းပြဘဝနောက်တစ်ဆင့် တက်ရောက်ဖို့ ဆုံးဖြတ်ရမယ့် တာဝန်က အလွန်ဆိုဆီမှာပဲ ရှိသွားပါလိမ့်မယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ #အလွန်ဆို