ရှေ့သို့
Image

ချဲလ်ဆီးကစားသမားဘ၀ အနှစ်သက်ဆုံးနည်းပြနဲ့ အသင်းအတွက် အရေးပါဆုံး ကစားသမားတွေကို ပြောပြလာတဲ့ ပီတာချက်

3:15 PM, 13 February

ချဲလ်ဆီးဂန္တဝင်ပီတာချက်က အနောက်လန်ဒန်ကလပ်မှာကစားခဲ့ချိန်ကာလအတွင်း အသင်းအတွက် အရေးပါဆုံးသူတွေဟာ ဘယ်သူတွေလဲဆိုတာကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပီတာချက်က ချဲလ်ဆီးမှာ ၂၀၀၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့ပြီး နာမည်ကျော်ကြယ်ပွင့်ကစားသမားတွေနဲ့အတူ အောင်မြင်မှုများစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သူက ချဲလ်ဆီးအတွက် ၄၉၄ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ ပရီးမီးယားလိဂ် လေးကြိမ်၊ အက်ဖ်အေဖလား လေးကြိမ်၊ လိဂ်ဖလား သုံးကြိမ်နဲ့ ယူရိုပါလိဂ်ဖလား တစ်ကြိမ်တို့ကို အသင်းနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဂိုးသမားဟောင်းက အင်္ဂလန်ကြယ်ပွင့်တွေဖြစ်တဲ့ ဖရန့်လမ်းပတ်နဲ့ ဂျွန်တယ်ရီတို့ဟာ ချဲလ်ဆီးအတွက် အလွန်အရေးပါသူတွေဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

Sky Sports သတင်းဌာနနဲ့ တွေ့ဆုံချိန် အခုလိုအောင်မြင်မှုအလီလီဆွတ်ခူးနိုင်တဲ့ ကာလတွေမှာ ချဲလ်ဆီးရဲ့အရေးပါဆုံး ကစားသမားက ဘယ်သူဖြစ်မလဲလို့ မေးမြန်းလာမှုကို ပီတာချက်က “ ခက်ခဲပါတယ်။ အရမ်းခက်ခဲတဲ့ မေးခွန်းပါ။ အင်္ဂလန်ကလပ်အသင်းအကြောင်း မေးတယ်ဆိုတော့ ဖရန့်လမ်းပတ် (သို့) ဂျွန်တယ်ရီပဲ ဖြစ်ပါလိမ့်မယ်”လို့ တုံ့ပြန်လာပါတယ်။

ချဲလ်ဆီးကစားသမားဘ၀ အကြိုက်ဆုံးနည်းပြက ဘယ်သူလဲလို့ မေးမြန်းလာမှုကို ပီတာချက်က မော်ရင်ဟိုလို့ ပြန်ဖြေခဲ့ပါတယ်။ ဒါ့အပြင် ပီတာချက်က အန်ဆယ်လော့တီဟာ သူ့အတွက် ဒုတိယမြောက်အကြိုက်ဆုံးနည်းပြဖြစ်တယ်လို့ ပြောပါတယ်။ အန်ဆယ်လော့တီက ချဲလ်ဆီးအသင်းကို ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ဗွေဆော်ဦးဘောလုံးရာသီမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုကို သိမ်းပိုက်ခဲ့ပါတယ်။

တဆက်တည်းမှာပဲ လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံး ဂိုးသမားက ဘယ်သူူဖြစ်မလဲဆိုတဲ့ မေးခွန်းကို ပီတာချက်ဆီ ပေးပို့လာခဲ့ပါတယ်။ အသက်-၄၁ နှစ်အရွယ် ဂိုးသမားဟောင်းက အီဒါဆန်၊ ကော်တိုရစ်တို့ထက် အလီဆင်ကိုသာ ရွေးချယ်သွားပါတယ်။

ပီတာချက်က “ဒါကတော့ အလီဆင်၊ အီဒါဆန်နဲ့ ကော်တိုရစ်တို့အကြား ယှဉ်ပြိုင်မှုတစ်ခုလို့ပဲ ပြောရပါမယ်။ အခုဘောလုံးရာသီမှာ ကော်တိုရစ်ကလည်း ဒဏ်ရာ ရနေတာကြောင့် ကျွန်တော်ကတော့ အလီဆင်ကိုပဲ ရွေးချယ်ပါမယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက ပီတာချက်ကို ၂၀၀၅ ခုနှစ်၊ ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း ဂါစီယာရဲ့နာမည်ကျော် တစ္ဆေဂိုးဟာ အမှန်တကယ်ဂိုးဝင်သွားခဲ့လားလို့ မေးမြန်းခဲ့ပါတယ်။

ပီတာချက်က “ကျွန်တော်ကတော့ ဂိုးဝင်သွားတယ်လို့ မထင်ပါဘူး။ 3D ပုံရိပ်တွေကိုလည်း လူအချို့က ဖော်ပြပါတယ်။ ဒါက ဂိုးမဝင်သွားဘူးဆိုရင် ပယ်နယ်တီပြစ်ဒဏ်တစ်ခုတော့ ဖြစ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က မီလန်ဘားရို့စ်ကို ဝင်တိုက်မိခဲ့လို့ပါ”လို့ ပြောပါတယ်။

အသင်းဟောင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့အကြား ဘယ်အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ရှုမြင်ချင်သလဲဆိုတဲ့ မေးခွန်းကိုတော့ ပီတာချက်က အာဆင်နယ်ကသာ အနီးစပ်ဆုံးဖြစ်နေပြီး အခုဘောလုံးရာသီမှာ သူတို့တွေ ချန်ပီယံဖြစ်နိုင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

သူက “လက်ရှိအချိန်မှာတော့ ကျွန်တော်က အာဆင်နယ်လို့ပဲ တွေးမိပါတယ်။ အခုဘောလုံးရာသီမှာဆိုရင်လည်း သူတို့အတွက် ဒီအောင်မြင်မှုက အတော်လေးနီးစပ်နေပါလိမ့်မယ်။ အာဆင်နယ်ကိုယ်တိုင်ကလည်း ဒီလိုလုပ်နိုင်မယ်လို့လည်း ကျွန်တော် ယုံကြည်မိပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

ချဲလ်ဆီးဂိုးသမားဘ၀ အကောင်းဆုံးအခိုက်အတန့်အဖြစ် ၂၀၁၂ ခုနှစ်၊ ဘိုင်ယန်မြူးနစ်ကို အနိုင်ရကာ ချန်ပီယံလိဂ်အောင်ပွဲရရှိခဲ့တဲ့ညကို ပီတာချက်က ရည်ညွှန်းခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ပီတာချက်က အချိန်ပိုမိနစ်တွေအတွင်း အာဂျန်ရော်ဘင်ရဲ့ပယ်နယ်တီကန်သွင်းမှုကို ကာကွယ်ခဲ့ပါတယ်။

#ချဲလ်ဆီး #အာဆင်နယ် #ပီတာချက် #ပရီးမီးယားလိဂ်