ရှေ့သို့
Image

ကစားသမားဘ၀ အနာဂတ်အတွက် မဆုံးဖြတ်ရသေးဘူးလို့ ဆိုလာတဲ့ ဂျာမန်ကွင်းလယ်လူ တိုနီခရူးစ်

2:03 PM, 13 February

ဂျာမနီလက်ရွေးစင်ကစားသမားတိုနီခရူးစ်က လာမယ့်နွေရာသီကာလမှာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးဖြစ်မလား (သို့မဟုတ်) မိခင်နိုင်ငံ့အသင်း အတွက် ယူရို-၂၀၂၄ ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်နေမလားဆိုတာ အတိအကျမသိရသေးပါဘူးလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။


တိုနီခရူးစ်က လာမယ့်ဇွန်လအတွင်း စာချုပ်သက်တမ်းကုန်ဆုံးချိန် ဘာနေဗျူးမှထွက်ခွာမလားဆိုတာ ဆုံးဖြတ်နိုင်ဖို့ အချက်များစွာအပေါ် မူတည်နေတယ်လို့ ရှင်းပြလိုက်ပါတယ်။ ဒါ့အပြင် မိခင်နိုင်ငံမှာ လက်ခံကျင်းပမယ့် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲအတွက် ဂျာမနီကို ကိုယ်စားပြုရမယ့် အခွင့်အရေးကို ငြင်းပယ်လိုက်ခြင်းကဲ့သို့ ကစားသမားဘဝမှ အပြီးတိုင်အနားယူလိုက်တာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ တိုနီခရူးစ်က ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီကတော့ ကွင်းလယ်လူဟာ သူ့ရဲ့ကစားသမားဘ၀ အနာဂတ်ကို ဆုံးဖြတ်ဖို့ လေးလထက်မနည်း အချိန်ရှိသေးတယ်လို့ ပြောပါတယ်။

လိုက်ပ်ဇစ်နဲ့ ရင်ဆိုင်ရမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲအတွင်း တိုနီခရူးစ်က “ကျွန်တော်က အမှန်အတိုင်းပဲ အမြဲပြောပါတယ်။ တကယ့်အမှန်တရားကတော့ ကျွန်တော် မသိသေးဘူးဆိုတာပါပဲ။ ကျွန်တော် ဘာလုပ်ချင်သလဲဆိုတာကို စဉ်းစားနေပါတယ်။ ဘာမှတော့ မဆုံးဖြတ်ရသေးပါဘူး။ လူတွေက ကျွန်တော့်ကို တစ်နှစ်လောက် ဆက်ကစားစေချင်တယ်ဆိုရင်လည်း ကျွန်တော် ပျော်ရွှင်မိပါလိမ့်မယ်။ ဒါက ကစားသမားဘဝရပ်တန့်ပစ်လိုက်တဲ့ အခြားနည်းလမ်းတစ်ခုထက် ပိုကောင်းပါတယ်။ ကစားသမားဘဝအနာဂတ်ကိစ္စက အကြောင်းအရာ အများကြီးပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ ကိုယ့်ရဲ့ကစားသမားဘဝကို တက်နိုင်သမျှ အမြင့်ဆုံး အဆင့်အတန်းမျိုးမှာ အဆုံးသတ်ချင်ပါတယ်။ လက်ရှိအခိုက်အတန့်မှာတော့ ကျွန်တော် ပျော်ရွှင်နေပါတယ်။ ဆုံးဖြတ်ချက်ချမှတ်ဖို့ အချိန်တွေ ရှိနေသေးပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်သွားချင်ပါတယ်။ ပြီးတော့ နိုင်ငံ့လက်ရွေးစင် အသင်းအတွက်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ ကျွန်တော် ဒီအကြောင်းကိုပဲ စဉ်းစားနေတာပါ။ ဒါပေမယ့် စာချုပ်သက်တမ်း တိုးတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ကျွန်တော် ဘာမှမသိသေးပါဘူး”လို့ ပြောပါတယ်။

အသက်-၃၄ နှစ်အရွယ် တိုနီကရူးစ်က အခုဘောလုံးရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ရှိနေပြီး နိုင်ငံ့လက်ရွေးစင်အသင်းဖော်ဟောင်း ဖိလစ်လမ်းကဲ့သို့ ကစားသမားဘ၀ စောစောစီးစီးအနားယူသွားမယ်လို့ ထင်ကြေးပေးခံရခြင်း မရှိပါဘူး။ ဖိလစ်လမ်းက အသက်-၃၃ နှစ်အရွယ်မှာပဲ ကစားသမားဘ၀ အနားယူသွားခဲ့တာပါ။

အလားတူ ခရူးစ်က ဂျာမနီရဲ့ စိတ်ပျက်ဖွယ် ယူရို-၂၀၂၀ ပြိုင်ပွဲအပြီး ၂၀၂၁ ခုနှစ်မှာ လက်ရွေးစင်ကစားသမားဘ၀ အနားယူခဲ့ပေမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် ဒီဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ လတ်တလောမှာ တိုနီခရူးစ်က သူ့ရဲ့ရှေ့မှောက် ချက်ချင်းဆိုသလို ရောက်ရှိလာတော့မယ့် ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်ကို အာရုံစိုက်သွားပါလိမ့်မယ်။

လာလီဂါပြိုင်ပွဲမှာလည်း အနီးဆုံးပြိုင်ဘက်ဂျီရိုနာကို ငါးမှတ်ဖြတ်ထားမှုနဲ့အတူ ရီးရဲလ်မက်ဒရစ်က ဗယ်လီကာနို၊ ဆီဗီလာ၊ ဗလန်စီယာတို့နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်တွေကို အကောင်းဆုံး ကျော်ဖြတ်ကာ အမှတ်ပေးချန်ပီယံပြေးလမ်းထက် အသာစီးရထားမှုကို ဆက်လက်ချုပ်ကိုင်ထားနိုင်ဖို့ အခွင့်အရေး ရှိနေပြန်ပါတယ်။

ရီးရဲလ်မက်ဒရစ်က လာလီဂါနဲ့ ချန်ပီယံလိဂ်ဆုဖလားကို ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ တပြိုင်တည်း ဆွတ်ခူးနိုင်ခဲ့ပြီး အခုရာသီမှာလည်း ဒီလိုအောင်မြင်မှုကို ရယူနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ #ခရူးစ်