ရှေ့သို့
Image

အိုင်ဗန်တိုနေးအနေနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ရင်တောင် ကြာရှည်ခံမှာမဟုတ်ဘူးလို့ ပြောကြားလိုက်တဲ့ ဖာဒီနန်

1:01 PM, 13 February

ရီယိုဖာဒီနန်က လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးအနေနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ဖြစ်ခဲ့ရင်တောင် သူ့ရဲ့အတ္တနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲခြင်းတို့ကြောင့် အသင်းမှာ ကြာရှည်ခံမှာ မဟုတ်ဘူးလို့ပြောကြားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်မှာ အာဆင်နယ်က တိုနေးကို ဦးစားပေးပစ်မှတ်အပစ် ခေါ်ယူဖို့ကြိုးစားခဲ့သော်လည်း ဘရန့်ဖို့ဒ်က ကစားသမားအတွက် ပေါင်သန်း ၁၀၀ အထိဈေးနှုန်းသတ်မှတ်ထားတာကြောင့် လက်လျှော့ခဲ့ရပါတယ်။ ဒါကြောင့် အာတီတာရဲ့အသင်းဟာ လာမယ့်နွေရာသီမှာတော့ တိုနေးကို သေချာပေါက်ခေါ်ယူနိုင်ဖို့ အတွက် ထပ်မံကြိုးစားလာမှာဖြစ်ပြီး ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်ကလည်း ကစားသမားဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့များတယ်လို့ ဝန်ခံထားတာဖြစ်ပါတယ်။

အာဆင်နယ်က တိုနေးကို ခေါ်ယူနိုင်ဖို့အတွက် မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးတို့နဲ့ ပြိုင်ဆိုင်ရဖို့ရှိနေသော်လည်း မကြာသေးမီက ကစားသမားဟာ အာဆင်နယ်ကို ပြောင်းရွှေ့လိုကြောင်း အရိပ်အမြွက်ပြောကြားထားတာဖြစ်ပါတယ်။ မကြာသေးမီက တိုနေးဟာ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်က သူ့ကိုမလိုချင်တော့ကြောင်း အပြောင်အပျက်သဘောနဲ့ပြောကြားခဲ့ပါတယ်။

ယခုအခါမှာတော့ ဖာဒီနန်က “တိုနေးက အဲဒီအကြောင်းကို အပြောင်အပျက်ပြောခဲ့တာပါ။ သူ့အနေနဲ့ အာဆင်နယ်ကို ဒီလိုအတ္တမျိုးနဲ့ပြောင်းရွှေ့ချင်မှာ မဟုတ်ပါဘူး။ ပြောင်းဖြစ်ခဲ့ရင်တော့ ကျွန်တော်အံ့ဩမိပါလိမ့်မယ်။ သူကအသင်းကြီးတစ်သင်းမှာ မကစားခဲ့ဖူးပါဘူး” “သူ အာဆင်နယ်ကို ရောက်ရင် အားလုံးကို လေးလေးစားစားဆက်ဆံရပါလိမ့်မယ်။ သူ့နေရာသူသိဖို့လည်း လိုပါတယ်။ အာဆင်နယ်မှာက ဒီကလန်ရိုက်စ်၊ ဆာလီဘာ၊ ဂါဘရီယယ်၊ အိုဒီဂတ်နဲ့ ဂျီးဆပ်တို့လို ကစားသမားကြီးတွေရှိပါတယ်။ တိုနေးအနေနဲ့ အဲဒီကစားသမားတွေကိုကျော်ပြီး အာတီတာနဲ့ စကားပြောလို့ရမယ်မထင်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဖာဒီနန်က တိုနေးဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့နေရာမှာ သာမန်ထက်ပိုမိုမြင့်မားနေတာကြောင့် အာဆင်နယ်ကစားသမားတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ခက်ခဲတယ်လို့ဆိုပါတယ်။

ကစားသမားဟောင်းက “ဒီလိုဖြစ်နေရင် သူက အာဆင်နယ်မှာ ကြာကြာခံမှာမဟုတ်ပါဘူး။ သူ့အနေနဲ့ အာဆင်နယ်လို ကစားသမား အင်အားတောင့်တင်းတဲ့ အသင်းရဲ့အဝတ်လဲခန်းထဲမှာ “ဘယ်သူမှငါ့ကို လာပြောလို့မရဘူး” လို့တွေးနေရင် အဝတ်လဲခန်းက သူ့အတွက် စမ်းသပ်စရာနေရာဖြစ်လာပါလိမ့်မယ်။ မန်နေဂျာကလည်း သူ့ကိုဘာမှမပြောရင် သူအသင်းမှာကြာရှည်ခံမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #ဖာဒီနန် #အိုင်ဗန်တိုနေး #ပရီးမီးယားလိဂ်