ရှေ့သို့
Image

အရန်ခုံထိုင်နေရလို့ စိတ်မပျက်ဖို့ အယ်လီယော့ကို တိုက်တွန်းအားပေးလိုက်တဲ့ ဗန်ဒိုက်

3:59 PM, 12 February

ဒီဘရိုင်း၊ ဟာလန်းတို့က မန်စီးတီးကို အင်အားကောင်းသထက်ကောင်းလာအောင် လုပ်ဆောင်ပေးနေကြောင်း အားလုံးအတွက် ပြောစရာဖြစ်နေချိန်မှာပဲ လီဗာပူးကတော့ သူတို့အသင်းလူစာရင်းနဲ့ပတ်သက်လို့ စိတ်ပျက်နေသလို ခံစားနေရပါတယ်။

မိုဆာလက်၊အလီဆင်တို့လို အဓိကကစားသမားတွေကိုလက်လွှတ်ထားရတဲ့ ယာဂန်ကလော့ပ်ရဲ့အသင်းက အာနိုးလ်ကိုပါ ဒဏ်ရာကြောင့်လက်လွှတ်လိုက်ရချိန်မှာ ဘန်လေနဲ့ပွဲစဉ်ဒုတိယပိုင်းပွဲချိန်အတွက် ညာနောက်ခံအစွန်လူစစ်စစ်မရှိတော့ပါဘူး။ ဒါပေမယ့် သူတို့က အိမ်ကွင်းပရိသတ်တွေရှေ့မှောက်မှာ အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။


အခုဘောလုံးရာသီ၊ လီဗာပူးအတွက် အရန်ခုံမှထလာကာ ဒါဝင်နူနက်ဇ်၊ ဂတ်ပို၊ ဒီယက်ဇ်တို့က အရေးပါတဲ့ဂိုးတွေ သွင်းယူပေးခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့စနေနေ့ပွဲစဉ်မှာလည်း နောက်ထပ်လူစားဝင်ကစားသမားဖြစ်တဲ့ အီလီယော့က အသင်းအနိုင်ရရှိစေမယ့် သွင်းဂိုးနှစ်ဂိုးကို ဖန်တီးပေးခဲ့ပြန်ပါတယ်။


အီလီယော့က လီဗာပူးရဲ့ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ပွဲမှာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ၃၅ ပွဲမှာတော့ လူစားဝင်ကစားခွင့်သာ ရရှိခဲ့ပါတယ်။ ဒီအချိုးအစားက အသက်-၂၀ နှစ်အရွယ် ရည်မှန်းချက်ကြီးမားတဲ့ လူငယ်လေးအတွက် စိတ်ကျေနပ်စရာမဖြစ်နိုင်ပေမယ့် အသင်းကပ္ပတိန်ဗန်ဒိုက်ကတော့ လီဗာပူးအနေဖြင့် ရာသီကုန်မှာ အသင်းမှထွက်ခွာတော့မယ့် နည်းပြကြီးကလော့ပ်ကို ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ နှုတ်ဆက်ချင်တယ်ဆိုရင် တစ်သင်းလုံးပါဝင်ကူညီပေးဖို့ လိုအပ်နေတယ်လို့ ရှင်းပြလိုက်ပါတယ်။


ဗန်ဒိုက်က “အယ်လီယော့က သီတင်းပတ်တိုင်း ပွဲထွက်ခွင့်လိုချင်တယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် အမြင့်ဆုံးအဆင့်အတန်းမှာ ကစားချင်ရင် စိတ်ရှည်သည်းခံတက်ဖို့လိုအပ်ပြီး ရရှိလာမယ့်ပွဲကစားချိန်တွေကို အကောင်းဆုံးအသုံးချနိုင်ရပါမယ်။

သူက ဒီပုံစံအတိုင်းပဲ ဆက်သွားရပါမယ်။ တခါတရံမှာ ပွဲထွက်ခွင့်မရလို့ စိတ်မပျက်ပါနဲ့၊ ဒါက ဒီအလုပ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေလို့ပါ။ အခွင့်အရေးရလာရင် ကိုယ်တိုင်အကောင်းဆုံးစွမ်းဆောင်သွားဖို့ပဲ လိုအပ်ပါတယ်။ ဒါကိုပဲ ဒီပွဲစဉ်မှာ အယ်လီယော့လုပ်သွားခဲ့တာပါ။


ဒီရာသီ၊ ကျွန်တော်တို့အသင်းရဲ့ပွဲစဉ်တွေမှာ လူစားဝင်ကစားသမားတွေရဲ့အကျိုးသက်ရောက်မှုက ကြီးမားခဲ့ပါတယ်။ အယ်လီယော့က နောက်ထပ်ဥပမာတစ်ခုပါပဲ။ ဒီလိုပုံစံကောင်းတွေကို လာမယ့်ပွဲစဉ်တွေမှာလည်း မြင်တွေ့ရဖို့ လိုအပ်နေတယ်ဆိုတာ သေချာပါတယ်”လို့ ပြောပါတယ်။

လတ်တလောပွဲစဉ်တွေမှာ မန်စီးတီးအသင်းရဲ့လူအင်အားတောင့်တင်းမှုကို ချီးကျူးဂုဏ်ပြုမှုတွေ ရှိပေမယ့် အန်ဖီးလ်အရပ်မှာလည်း ဒီအပိုင်းနဲ့ပတ်သက်ပြီး အားငယ်နေတာမျိုး မရှိဘူးလို့ သိရပါတယ်။

“ဝင်ရောက်ကစားပေးနေတဲ့ အသင်းဖော်တွေရဲ့ စွမ်းဆောင်ရည်ပိုင်းက ကျွန်တော့်ကို အရမ်းသဘောကျစေပါတယ်။ ဒါက သူတို့ရဲ့ကိုယ်ပိုင်အခိုက်အတန့်တွေကို မှတ်တမ်းတင်ထားဖို့ အရေးပါစေသလို ကောင်လေးတွေကလည်း ဒီအတိုင်း လုပ်ဆောင်နေပါတယ်”လို့ ဗန်ဒိုက်က ဆက်ပြောခဲ့ပါတယ်။


#လီဗာပူး #ဗန်ဒိုက် #ပရီးမီးယားလိဂ် #အယ်လီယော့