ရှေ့သို့
Image

မက်ဆီရဲ့ပျက်ကွက်မှုအတွက် ဟောင်ကောင်ကို တောင်းပန်လာတဲ့ အင်တာမီယာမီ

9:33 AM, 9 February

အင်တာမီယာမီက ဟောင်ကောင်နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ပရိသတ်တွေ မြင်တွေ့လိုတဲ့ လီယွန်နယ်မက်ဆီကို ထည့်သွင်းကစားစေဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တောင်းပန်စကားဆိုလာခဲ့ပြီး အသင်းအနေနဲ့ မက်ဆီကို ထည့်သွင်းဖို့ မဖြစ်နိုင်တဲ့အခြေအနေနဲ့ကြုံတွေ့ခဲ့ရတယ်လို့ ရှင်းပြလာခဲ့ပါတယ်။

ဘောလွန်းဒီအော် ၈ ကြိမ် ရရှိထားတဲ့ ကစားသမားဟာ ဟောင်ကောင်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ကြံ့ခိုင်မှုပြည့်ဝမှုမရှိတာကြောင့် ပါဝင်ကစားနိုင်ဖို့မတတ်နိုင်ခဲ့တာဖြစ်သော်လည်း သူ့ကိုအားပေးကြည့်ရှုဖို့ ခက်ခက်ခဲခဲလာရောက်ခဲ့ကြတဲ့ ဟောင်ကောင်ပရိသတ် ၄ သောင်းခန့်ကိုတော့ စိတ်ပျက်စေခဲ့တာဖြစ်ပါတယ်။

မက်ဆီမပါဝင်နိုင်တာနဲ့ပတ်သက်ပြီး ယခုအခါ အင်တာမီယာမီက “ကျွန်တော်တို့မှာ မက်ဆီကို မကစားစေခဲ့တဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်တွေနေပေမယ့် အခုလို ထည့်သွင်းကစားစေဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တောင်းပန်စကားဆိုချင်ပါတယ်။ သူ့ကိုထည့်သွင်းအသုံးမပြုနိုင်ဘူးဆိုတဲ့ ကြေညာချက်ကို နောက်ကျမှ ထုတ်ပြန်နိုင်ခဲ့တဲ့အတွက်လည်း ဟောင်ကောင်ပရိသတ်တွေကို စိတ်ပျက်စေခဲ့မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့လည်း ကစားသမားရဲ့ကျန်းမာရေးနဲ့ ကြံ့ခိုင်ရေးက ပထမဦးစားပေးဖြစ်တာကြောင့် အခုလို ပျက်ကွက်ခဲ့ရတာဖြစ်ပါတယ်” လို့ ထုတ်ပြန်လာခဲ့ပါတယ်။

ဟောင်ကောင်နဲ့ပွဲစဉ်အပြီး ၃ ရက်အကြာ ဂျပန်နိုင်ငံတိုကျိုမြို့က ဂျေလိဂ်ကလပ် ဗစ်ဆဲလ်ကိုဘီနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ မက်ဆီဟာ ပွဲကစားချိန် ၆၀ မိနစ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားနိုင်ခဲ့ပါတယ်။ သို့သော်လည်း  အဆိုပါပွဲစဉ်မှာတော့ လက်မှတ်တွေက ပိုလျှံနေခဲ့ပြီး လက်မှတ်အစောင် ၂ သောင်း ၈ ထောင်ကျော်သာရောင်းချခဲ့ရတာဖြစ်ပါတယ်။

ဆက်လက်ပြီး အင်တာမီယာမီက ဟောင်ကောင်ပရိသတ်တွေအနေနဲ့ အသင်းကိုပြန်လည်လက်ခံမယ်ဆိုရင် နောက်ထပ်တစ်ကြိမ်လာရောက်ဖို့ စိတ်အားထက်သန်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

“ဘောလုံးမှာ ကစားသမားတွေ ဒဏ်ရာရလေ့ရှိပြီး ဒါကဘယ်သူ့အပြစ်မှမဟုတ်ပါဘူး။ ဒါက လှပတဲ့ဒီပြိုင်ပွဲရဲ့ ရက်စက်ကြမ်းကြုပ်တဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ဒီအချက်က ဟောင်ကောင်ပရိသတ်တွေ အတွက်တော့ သက်ရောက်မှုကြီးမားခဲ့ပါတယ်” “ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကောလာဟလတွေနဲ့ အပျက်သဘောဆောင်တဲ့သတင်းတွေ ပေါ်လာတဲ့ အကြောင်းအရင်းကတော့ သူတို့ဟာ ဒီအားကစားရဲ့ ဒဏ်ရာပြဿနာအကြောင်းနဲ့ အဖြစ်မှန်ကို ကျွန်တော်တို့လောက် မသိလို့ဖြစ်ပါလိမ့်မယ်” လို့ဆက်လက်ပြောကြားခဲ့ပါတယ်။

#မက်ဆီ #အင်တာမီယာမီ