ရှေ့သို့
Image

ဘာစီလိုနာဆီ အကြွင်းမဲ့ပြန်လာချင်ခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်တဲ့ အူဘာမီယန်း

4:27 PM, 8 February

အူဘာမီယန်းက ဘာစီလိုနာဆီ ပြန်လာချင်ခဲ့ပေမယ့် အကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ တိုက်စစ်မှူးက ၂၀၂၂ ခုနှစ်၊ နွေရာသီကာလ ချဲလ်ဆီးဆီ မပြောင်းရွှေ့မီ ဘာစီလိုနာမှာ ကောင်းမွန်တဲ့ အခိုက်အတန့်ကာလတစ်ခု ရှိခဲ့ပါတယ်။

ဒါပေမယ့် လန်ဒန်မှာ အူဘာမီယန်းရဲ့ဘ၀ ထင်သလိုဖြစ်မလာခဲ့ဘဲ ဘာစီလိုနာဆီ ပြန်လည် ပြောင်းရွှေ့တော့မယ်လို့ ထင်ကြေးပေးမှုတွေ ရှိခဲ့ပါတယ်။ အူဘာမီယန်းကတော့ ဘာစီလိုနာဆီ ဒုတိယအကြိမ်ပြန်လည် ပြောင်းရွှေ့လာချင်ပေမယ့် ဘာကြောင့်မဖြစ်လာသလဲဆိုတာ သေသေချာချာ မသိရဘူးလို့ ပြောကြားခဲ့ပါတယ်။

“ပရိသတ်တွေဆီမှ ကျွန်တော်ရရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေအတွက် အားလုံးကို ကျေးဇူးအထူးတင်မိပါတယ်။ ပရိသတ်တွေဆီက မက်ဆေ့ချ်တွေ ကျွန်တော် ဆက်လက်ရရှိနေဆဲပါပဲ။ ကျွန်တော် လွမ်းဆွတ်မိပါတယ်။ ကျွန်တော်ထင်ပါတယ်၊ သူတို့တွေ အပြောင်းအရွှေ့အကြောင်း နည်းနည်းပြောဆိုဖြစ်ကြပေမယ့် အဆုံးမှာ မဖြစ်လာခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်လည်း မသိပေမယ့် ဘဝဆိုတာက ဒီလိုပါပဲ၊ အခြေအနေတွေက အဲ့ဒီအတိုင်းဖြစ်သွားပါတယ်။ ဘာစီလိုနာနဲ့အတူ ရှစ်လတာကာလအတွက် ကျွန်တော် အရမ်းဂုဏ်ယူမိတာကြောင့် ကျွန်တော့်နှလုံးသားထဲကနေ ဒီကလပ်အသင်းဆီ ပြန်လာချင်ခဲ့တာပါ။ ဒါက အံ့မခန်းစရာအခိုက်အတန့်တစ်ခုဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။
ဒါ့အပြင် တိုက်စစ်မှူးက ဘာစီလိုနာရဲ့ဘဏ္ဍာရေးအကျပ်အတည်းကြောင့်သာ ကလပ်ကို စွန့်ခွာခဲ့ရတာဖြစ်ပြီး အခွင့်အရေးသာရှိမယ်ဆိုရင် အသင်းမှာပဲ ဆက်ရှိနေချင်ခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

အူဘာမီယန်းက “နောက်ဆုံးမှာတော့ ဒါက စီးပွားရေးပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ ဘာစီလိုနာက ကစားသမားတစ်ဦးရောင်းချဖို့ လိုအပ်နေခဲ့ပြီး ကျွန်တော့်မှာလည်း ရွေးချယ်စရာ ရှိနေခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော ်ထွက်ခွာလာခဲ့ရတာပါ။ မဟုတ်ရင် ကျွန်တော်က နှစ်အနည်းငယ်လောက်ပိုပြီး အသင်းမှာ ဆက်ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော့်မှာ စောဒကတက်စရာအကြောင်း မရှိပါဘူး။ ဒါက ဘဝပါပဲ။ အဆုံးမှာတော့ ကျွန်တော်က ဘာစီလိုနာနဲ့ ခေတ္တခဏလောက်ပဲ လက်တွဲခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့် အရမ်းကောင်းမွန်တဲ့ကာလတစ်ခု ဖြစ်ခဲ့ပြီး အရေးကြီးဆုံး အရာတွေကတော့ အမှတ်တရတွေပါပဲ”လို့ ပြောပါတယ်။

လက်ရှိမှာ အူဘာမီယန်းက ပြင်သစ်ကလပ်မာဆေးလ်အတွက် ကစားပေးနေပြီး အခုရာသီ၊ ပြိုင်ပွဲစုံ ၁၃ ဂိုးအထိ သွင်းယူပေးထားပါတယ်။
#လာလီဂါ #ဘာစီလိုနာ #အူဘာမီယန်း