ရှေ့သို့
Image

အန်းဒရစ်က ဘရာဇီးအတွက် အကောင်းဆုံးမျှော်လင့်ချက်ဖြစ်လာနိုင်သူလို့ ထောက်ခံပေးလိုက်တဲ့ ကာဖူး

12:38 PM, 8 February

စပိန်ထိပ်သီးရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ အန်းဒရစ်ဟာ ဘရာဇီးဘောလုံးလောကအတွက် အကောင်းဆုံး မျှော်လင့်ချက် ဖြစ်လာနိုင်မယ့်သူလို့ ကာဖူးက ထောက်ခံပြောဆိုလိုက်ပါတယ်။


ဘရာဇီးကပ္ပတိန်အဖြစ် ၂၀၀၂ ခုနှစ်ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ဂန္တဝင်နောက်ခံအစွန်လူက အနာဂတ်ရီးရဲလ်မက်ဒရစ်စတား အန်းဒရစ်ဟာ ဘရာဇီးဘောလုံးလောကအတွက် အကောင်းဆုံး မျှော်လင့်ချက်လို့ ယူဆနေပြီး နိုင်ငံ့လက်ရွေးစင် အသင်းကို အောင်မြင်မှုလမ်းကြောင်းတွေဆီ ခေါ်ဆောင်ပေးသွားလိမ့်မယ်လို့ ထောက်ခံပြောဆိုလိုက်ပါတယ်။ အန်းဒရစ်က အသက်-၁၈ နှစ်ပြည့်မြောက်မယ့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း စပိန်ထိပ်သီးကလပ်ဆီ ပြောင်းရွှေ့ဖွယ် ရှိပါတယ်။

ဘရာဇီးပြည်တွင်းသတင်းဌာနတစ်ခုနဲ့တွေ့ဆုံချိန် အန်းဒရစ်နဲ့ပတ်သက်လို့ ကာဖူးက “သူက ကျွန်တော်တို့ရဲ့ အကြီးကျယ်ဆုံးမျှော်လင့်ချက်၊ ကျွန်တော်တို့ရဲ့ အကြီးကျယ်ဆုံး ကြယ်ပွင့်၊ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အကောင်းဆုံး idol ကစားသမား ဖြစ်လာနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာလည်း သူ အကောင်းဆုံးလုပ်ပြနိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီကလပ်အသင်းမှာ သူက ကိုယ့်ကိုကိုယ်တည်ဆောက်ထားနိုင်တဲ့ ရိုဒရီဂို၊ ဗင်နီစီးယက်စ်တို့နဲ့ တွေ့ဆုံရဖို့ရှိနေလို့ပါ”လို့ ပြောပါတယ်။

ပါးလ်မီးရက်စ်ကြယ်ပွင့်က ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဘရာဇီးလိဂ်ပြိုင်ပွဲမှာ ၃၈ ပွဲကစား၊ ၁၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှုတစ်ကြိမ်စွမ်းဆောင်ကာ ခြေစွမ်းပြသခဲ့ပါတယ်။ ဒီလိဂ်ပြိုင်ပွဲအဆုံးသတ်ပြီးနောက် ဒီဇင်ဘာလအတွင်း အန်းဒရစ်က ရီးရဲလ်မက်ဒရစ်ရဲ့ လေ့ကျင့်ရေးကွင်းဆီ အလည်အပတ်ရောက်ရှိလာခဲ့ပြီး နည်းပြအန်ဆယ်လော့တီနဲ့အတူ ကစားသမားတွေရဲ့ နွေးထွေးတဲ့ကြိုဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပါတယ်။

အန်းဒရစ်က လာမယ့်နွေရာသီမှာ စပိန်ထိပ်သီးကလပ်အသင်းဆီ ပြောင်းရွှေ့လာနိုင်ပါတယ်။ လက်ရှိမှာ အန်ဆယ်လော့တီရဲ့အသင်းက လာလီဂါအမှတ်ပေးဇယားကို နှစ်မှတ်ဖြတ်ဦးဆောင်ထားပါတယ်။ သူတို့က လာမယ့်စနေနေ့မှာ အမှတ်ပေးဇယားဒုတိယနေရာရှိ ဂျီရိုနာနဲ့ ရင်ဆိုင်ကစားရပါမယ်။

#ဘရာဇီး အန်းဒရစ်ခ် #ကာဖူး