ရှေ့သို့
Image

AFCON ပြိုင်ပွဲကာလအတွင်း မိုဆာလက်ထံမှ ရရှိခဲ့တဲ့ အားပေးထောက်ခံမှုအကြောင်း ဖွင့်ဟလာတဲ့ အီလီယော့

12:25 PM, 8 February

မိုဆာလက်ရဲ့နေရာအတွက် ခေါ်ယူထားခြင်းဖြစ်တယ်ဆိုတဲ့ အချက်တစ်ခုရှိနေပေမယ့်လည်း အီလီယော့ကတော့ လီဗာပူးမှာ အီဂျစ်သားဆီမှ ရရှိတဲ့ ကောင်းမွန်တဲ့ပံ့ပိုးကူညီပေးမှုအကြောင်း ထုတ်ဖော်ပြောဆိုကာ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

အသက်-၂၀ အရွယ်သာရှိသေးပေမယ့် အီလီယော့က ပြီးခဲ့တဲ့ ၁၈ လတာ ကာလအတွင်း လီဗာပူးအသင်းကြီးမှာ ပုံမှန်ပွဲကစားချိန်ရရှိတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ ပွဲအထိ ပါဝင်ကစားခဲ့ရသလို အခုဘောလုံးရာသီ၊ လက်ရှိအချိန်ထိလည်း လိဂ်ပွဲစဉ် ၁၉ ပွဲအထိ ကစားထားပါတယ်။

တောင်ပံတိုက်စစ်မှူးနေရာအတွက် ရည်ရွယ်ခေါ်ယူခဲ့တဲ့ အီလီယော့က အခုရာသီ၊ ပရီးမီးယားလိဂ်သုံးပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့တယ်ဆိုပေမယ့် ကွင်းလယ်ပိုင်းမှာ အခြားကစားသမားတွေနဲ့အတူ ပွဲထွက်ခွင့်ရရှိရေး ယှဉ်ပြိုင်နိုင်စွမ်းရှိနေပါတယ်။ သူကစားနေကျတောင်ပံတိုက်စစ်နေရာကို လီဗာပူးမှာ သိမ်းပိုက်ထားတဲ့ မိုဆာလက်ဟာ အန်ဖီးလ်မြေမှာ လူငယ်ကစားသမားလေးတွေအတွက် အကူအညီပေးနိုင်သူတစ်ဦးဖြစ်တယ်လို့ ဖူလ်ဟမ်ကစားသမားဟောင်းက ပြောပြလာပါတယ်။

အီဂျစ်စူပါစတားက ပြီးခဲ့တဲ့လအတွင်း နိုင်ငံ့လက်ရွေးစင်အသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေချိန်မှာပင် အီလီယော့က လီဗာပူးအသင်းညာတောင်ပံတိုက်စစ်နေရာမှာ ဘယ်လိုပုံစံမျိုးဖြင့် ဝင်ရောက်ကစားပေးနေသလဲဆိုတာကို စောင့်ကြည့်အကဲဖြတ်နေခဲ့ပါတယ်။

အီလီယော့က “ကစားသမားဘဝအနားမယူခင်အချိန်အထိ ကစားသမားတိုင်းဆီက မတူညီတဲ့အရာတွေကို အမြဲတမ်းသင်ယူလေ့လာသွားရမယ်လို့ ယူဆထားပါတယ်။ ဒီအတွက် မိုဆာလက်က ကောင်းမွန်တဲ့ဥပမာတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော် လီဗာပူးဆီ ပြောင်းရွှေ့လာပြီးနောက် ကျွန်တော်တို့နှစ်ဦးလုံးက နေရာတူမှာ ကစားနေခဲ့ရလို့ ဖြစ်ပါတယ်။ ညာတောင်ပံတိုက်စစ်မှူးတစ်ဦးအဖြစ် ဒီအသင်းဆီ ရောက်ရှိလာခဲ့တာပါ။ ဒါပေမယ့် မိုဆာလက်နေရာကို သိမ်းပိုက်ချင်တယ်ဆိုရင် အံ့ဖွယ်စွမ်းရည်တစ်ခု လိုအပ်မယ်ဆိုတာ သိရှိထားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ကစားပုံနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီတောင်ပံတိုက်စစ်နေရာကနေ အခုလက်ရှိကစားနေတဲ့ ကွင်းလယ်နေရာဆီ ကျွန်တော်ယူဆောင်သွားနိုင်တဲ့ အရာတွေလည်း ရှိနေပါတယ်။ ဂိုးကန်သွင်းခြိမ်းခြောက်မှုတွေ၊ ဖန်တီးမှုတွေလို အရာတွေပေါ့။ မိုဆာလက်က ကိုယ့်ကိုကိုယ်တွန်းအားပေးနေရုံမက တခြားလူငယ်ကစားသမားလေးတွေကိုလည်း တွန်းအားပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ မျှမျှတတပြောရမယ်ဆိုရင် သူက အဲ့ဒီလိုလုပ်ဖို့တောင် မလိုတဲ့လူစားမျိုး ဖြစ်ပါတယ်

“သူက ကွင်းတွင်းကွင်းပြင်ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။ ဒါက သူ့ကိုယ်သူ အာရုံစိုက်ပြီး စံချိန်တွေ ဆက်ချိုးနိုင်အောင် လုပ်သွားဖို့ကို လွယ်ကူစေပါလိမ့်မယ်။ ဒါပေမယ့် မိုဆာလက်က သူ့ရဲ့တစ်နေ့တာအချိန်တွေကို ကျွန်တော်တို့အပေါ် စစ်ဆေးအကဲဖြတ်ရင်း၊ ကျွန်တော်တို့လိုအပ်နေတဲ့အရာ ရှိလာရင် သေချာသိမြင်လာအောင် ရှင်းပြပေးရင်း ကုန်ဆုံးစေပါတယ်။ သူက လိုအပ်လာတာရှိရင် ညွှန်ပြပေးမယ့်သူအဖြစ် အမြဲတမ်းရှိနေပေးပါတယ်။ ဥပမာ… မိုဆာလက်က အီဂျစ်နဲ့အတူ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေချိန် အာဆင်နယ်နဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီး ကျွန်တော့်ဆီ မက်ဆေ့ချ်ပေးပို့ခဲ့တာတွေ ရှိပါတယ်။ ‘ဒါမျိုး မင်း ဘယ်လိုရှာတွေ့ခဲ့သလဲ’ စသဖြင့် မက်ဆေ့ချ်တွေပေါ့။ သူကိုယ်တိုင်လုပ်စရာမလိုအပ်ပေမယ့် လူတော်လူကောင်းဖြစ်တဲ့မိုဆာလက်က လူတိုင်းအတွက် အကောင်းဆုံးတွေဖြစ်လာဖို့ပဲ အမြဲတမ်းလိုလားနေပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ မိုဆာလက်က အီဂျစ်အတွက် နိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်ရင်း တံကောက်ကြောဒဏ်ရာရခဲ့လို့ အနားယူနေရပါတယ်။ သူက လာမယ့်စနေနေ့၊ အန်ဖီးလ်မှာ ဘန်လေကို ဧည့်ခံကစားရမယ့် ပွဲစဉ်အတွက် အဆင်သင့် မဖြစ်နိုင်သေးပေမယ့် ဖေဖော်ဝါရီ ၁၇ ရက်၊ ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းပွဲစဉ်မှာတော့ ပါဝင်လာဖွယ် ရှိပါတယ်။

#လီဗာပူး #ဆာလက် #အီလီယော့ #ပရီးမီးယားလိဂ်