ရှေ့သို့
Image

Riyadh Season Cupပွဲစဉ်အတွက် ရော်နယ်ဒိုကို ကြံ့ခိုင်မှုပြည့်ဝစေချင်ကြောင်း ပြောကြားလိုက်တဲ့ အယ်လ်ဟီလယ်နည်းပြ ဂျီးဆပ်

10:40 AM, 8 February

အယ်လ်ဟီလယ်နည်းပြ ဂျီးဆပ်က ကြာသပတေးနေ့တွင် Riyadh Season Cup ပြိုင်ပွဲတွင် အယ်လ်နာဆာနှင့် ရင်ဆိုင်ရတဲ့အချိန်မှာ ရော်နယ်ဒို ဒဏ်ရာကနေပြန်လည် သက်သာလာဖို့ မျှော်လင့်နေပါတယ်။ အယ်လ်နာဆာနှင့် အယ်လ်ဟီလယ်တို့ဟာ ဆောင်းရာသီအားလပ်ရက်ပြီးနောက် ယခုလနှောင်းပိုင်း ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ပြန်လည်မစတင်မီ ခြေစမ်းပွဲကို ကစားဖို့အတွက် စီစဉ်ထားကြတာဖြစ်ပါတယ်။

အင်တာမီယာမီကို ၆-၀ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တာဖြစ်ပြီး အယ်လ်ဟီလယ်နှင့်ပွဲအမီ ပြန်ကောင်းလာမလာဆိုတာ မသိရသေးတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်နည်းပြဂျီးဆပ်ကတော့ ရော်နယ်ဒိုနှင့် ယှဉ်ပြိုင်ချင်နေတာဖြစ်ပါတယ်။

"ဒါက ပြင်ဆင်မှုပွဲတစ်ခုပါ၊ ကျွန်တော်တို့ ယှဉ်ပြိုင်မကစားရတာ ရက်သတ္တပတ် ၅ ပတ်ရှိပါပြီ။ အသင်းကို ကြံ့ခိုင်မှုအဆင့်မှာ ဆက်ထိန်းထားနိုင်ဖို့ အရေးကြီးတဲ့ပွဲတစ်ခု ဖြစ်လာမှာပါ" "ဒါဟာ ပွဲကောင်းတစ်ပွဲဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်၊။ ကစားသမားတွေကြား ရှုပ်ထွေးမှုတွေ ရှိလာမှာမဟုတ်ဘူးလို့ မျှော်လင့်မိပါတယ်။ ရော်နယ်ဒိုက ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဆိုရင်တော့ ကောင်းပါတယ်" "ဒါဟာ အံ့မခန်းပွဲတစ်ပွဲဖြစ်ပြီး သူက ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်ပါ။ သူကစားနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ ပြင်ဆင်မှုပွဲတစ်ခုဖြစ်ပြီး ကျွန်တော်တို့ လိုချင်တဲ့ အရာလည်းဖြစ်ပါတယ်" လို့ ဂျီးဆပ်က ပြောပါတယ်။

သူတို့နှစ်သင်းဟာ လက်ရှိတွင် ဆော်ဒီအာရေးဗျရဲ့ ထိပ်တန်းအသင်းနှစ်သင်းဖြစ်ပြီး လိဂ်ဖလားအတွက် ပြိုင်ဆိုင်နေကြတာဖြစ်ပါတယ်။ ဂျီးဆပ်ရဲ့အသင်းဟာ ၁၉ ကြိမ်မြောက် ဆော်ဒီပရိုလိဂ်ချန်ပီယံဆုကို စံချိန်တင်အောင်မြင်ရန် ကြိုးပမ်းနေပြီး ဇယားထိပ်တွင် အယ်လ်နာဆာရဲ့အထက် ၇ မှတ်အသာဖြင့် ဦးဆောင်ထားပါတယ်။

ရော်နယ်ဒိုရဲ့ အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ရှုံးပွဲ မရှိခဲ့ပေမယ့် ဒီဇင်ဘာလက အယ်လ်ဟီလယ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ အယ်လ်နာဆာဟာ မက်ဆီရဲ့ အင်တာမီယာမီအသင်းကို အနိုင်ယူပြီးနောက် ယှဉ်ပြိုင်မှုတွင် အရှိန်အဟုန်မပျက်ချင်ဘဲ AFC ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ အယ်လ်ဖီဟာနှင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

#ရော်နယ်ဒို #ဂျီးဆပ် #အယ်လ်နာဆာ