ရှေ့သို့
Image

ရော်နယ်ဒင်ဟို၊ အိုဇေးလ်၊ အွန်နရီနဲ့ ခရက်စပိုတို့လို ဂန္တဝင်ကစားသမားကြီးတွေ ပါဝင်လာနိုင်တဲ့ Over-35s ကမ္ဘာ့ဖလားပြိုင်ပွဲသစ်

3:59 PM, 7 February

ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံးဂန္တဝင်ကစားသမားအချို့ ပါဝင်ယှဉ်ပြိုင်မယ့် အသက်-၃၅ နှစ်အထက် ကမ္ဘာ့ဖလားပြိုင်ပွဲအသစ်ကို လာမယ့်နွေရာသီ၊ အင်္ဂလန်နိုင်ငံမှာ ကျင်းပသွားဖို့ စီစဉ်နေပါတယ်။

အခုပြိုင်ပွဲသစ်ကို ပြိုင်ပွဲဝင်အသင်းရှစ်သင်းနဲ့အတူ ကျင်းပသွားဖို့ စီစဉ်နေတာပါ။ ဒီအသင်းတွေကတော့ ဖီဖာကမ္ဘာ့ဖလားချန်ပီယံအသင်းတွေဖြစ်တဲ့ အင်္ဂလန်၊ အာဂျင်တီးနား၊ ဘရာဇီး၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ ဥရုဂွေးတို့ပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ပွဲစဉ် ၇ ခုကို ဇွန်လအစောပိုင်း သီတင်းပတ်အတွင်း ကွင်းတစ်ခုတည်းမှာပဲ ကစားသွားဖို့ စီစဉ်နေပါတယ်။

ပြိုင်ပွဲကျင်းပမယ့်နေရာအတွက် အပြီးသတ်ညှိနှိုင်းနေဆဲဖြစ်ပြီး Mail Sport ရဲ့ သတင်းရင်းမြစ်တွေအရ ပြိုင်ပွဲကျင်းပမယ့်နေရာအတွက် အင်္ဂလန်မြောက်ပိုင်း ဒေသရှိ ပရီးမီးယားလိဂ်ကလပ်အသင်းကြီးအချို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ဂန္တဝင်ကစားသမားတွေနဲ့ အားကစားလုပ်ငန်းရှင်တွေ စုဖွဲ့ကာ Elite Player Group (EPG) ဆိုတဲ့အမည်ဖြင့် တည်ထောင်ထားတဲ့ အဖွဲ့အစည်းက အသက်-၃၅ နှစ်အထက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပဖို့ စီစဉ်လာတာဖြစ်ပြီး EPG ဖလားလို့ အမည်ပေးထားပါတယ်။

ပြိုင်ပွဲစည်းမျဉ်းတွေအရ လက်ရွေးစင်အဆင့် ဖြတ်သန်းခဲ့ဖူးတဲ့ အသက်-၃၅ နှစ်နှင့် အထက်ရှိသော ကစားသမား (သို့မဟုတ်) ထိပ်တန်းလိဂ်ပွဲစဉ် ၁၀၀ ကျော် ကစားခဲ့ဖူးတဲ့ ကစားသမားတွေသာ ပါဝင်ခွင့်ရရှိမယ်လို့ သိရပါတယ်။
အလားတူ ပြိုင်ပွဲဝင်အသင်းတွေရဲ့ ကပ္ပတိန်တွေက EPG တည်ထောင်သူတွေ ဖြစ်ပါတယ်။ အင်္ဂလန်အတွက် စတိဗ်မက်မနာမန်က ဦးဆောင်လာမှာဖြစ်သလို အခြားအသင်းခေါင်းဆောင်တွေအဖြစ် ကမ်ဘီယာဆို(အာဂျင်တီးနား)၊ အီမာဆင်(ဘရာဇီး)၊ ကာရမ်ဘီအူ(ပြင်သစ်)၊ ကူရမ်ညီ(ဂျာမနီ)၊ မာတာရာဇီ(အီတလီ)၊ ဆယ်လ်ဂါဒို(စပိန်)နဲ့ လူဂါနို(ဥရုဂွေး)တု့ိကို မြင်တွေ့ရပါလိမ့်မယ်။

Mail Sport မှ သိရှိထားတဲ့ ယာယီအသင်းလူစာရင်းစုဖွဲ့မှုတွေမှာ ဘော်လွန်းဒီအောဆုရှင်ငါးဦးလည်း ပါဝင်နေပါတယ်။ သူတို့ကတော့ အင်္ဂလန်ရဲ့ မိုက်ကယ်အိုဝင်၊ ဘရာဇီးနာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ကာကာ၊ ရော်နယ်ဒင်ဟိုနဲ့ ရီဗယ်လ်ဒို၊ အီတလီရဲ့ ကန်နာဗာရိုတို့ ဖြစ်ပါတယ်။

ဒါ့အပြင် အင်္ဂလန်အသင်းမှာ အက်ရှ်လေကိုးလ်၊ ဂျိုကိုးလ်၊ ဖာဒီနန်၊ ဒေးဗစ်ဂျိမ်းစ်၊ လမ်းပတ်နဲ့ ရော်ဘီဖောင်လာတို့ကိုလည်း ယာယီစာရင်းပြုစုထားတယ်လို့ သိရပါတယ်။ အခြားပါဝင်လာနိုင်တဲ့ နာမည်ကျော်ကစားသမားဟောင်းတွေကတော့ ဘရာဇီးတောင်ပံခံစစ်အတွဲဖြစ်တဲ့ ကာဖူးနဲ့ ရောဘတ်တိုကားလို့စ်၊ ပြင်သစ်လက်ရွေးစင်ဟောင်းတွေဖြစ်တဲ့ အွန်နရီနဲ့ ဒက်ဆယ်လီတို့ ဖြစ်ပါတယ်။

အာဂျင်တီးနားအတွက် ခရက်စပို၊ ဇာဘလက်တာတို့ ပါဝင်လာနိုင်သလို ဂျာမနီ ယာယီလူစာရင်းမှာလည်း အိုဇေးလ်နဲ့ ခီဒီရာတို့ ရှိနေပြန်ပါတယ်။ စပိန်အတွက် ဒေးဗစ်ဗီလာနဲ့ ပူယိုတို့ ရှိနေသလို တော့တီက အီတလီ၊ ဖော်လန်က ဥရုဂွေးတို့အတွက် ကိုယ်စားပြုလာနိုင်ပါတယ်။

EPG ဖလားပွဲစဉ်တွေကို ကွင်းတွင်းကစားသမား ၁၁ ယောက်ပုံစံမျိုးဖြင့် ကစားသွားဖို့ရှိပေမယ့် ပွဲကစားချိန်ကို မိနစ် ၇၀ မှ မိနစ် ၉၀ အထိသာ သတ်မှတ်ထားပါတယ်။ အသင်းတိုင်းက ကစားသမား ၁၈ ဦးပါ လူစာရင်းကို အကန့်အသတ်မရှိလူစားလဲလှယ်ပြီး အသုံးပြုနိုင်ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဇွန် ၄ ရက်နဲ့ ၅ ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ်နှစ်ခုကို ဇွန် ၈ ရက်၊ ဖိုင်နယ်ကို ဇွန် ၁၁ ရက်မှာ ကစားသွားဖို့ စီစဉ်ထားပါတယ်။

ပွဲစီစဉ်သူတွေက ဇွန် ၁ ရက်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ ယူရို-၂၀၂၄ စတင်မယ့် ဇွန် ၁၄ ရက်အကြား ကာလကို ပြိုင်ပွဲကျင်းပဖို့ ရွေးချယ်ထားပြီး ပြင်ဆင်ချိန် လေးလပင်မကျန်တော့ပေမယ့် စီစဉ်ထားတဲ့အတိုင်း ကျင်းပသွားနိုင်မယ်လို့ ယုံကြည်နေပါတယ်။

#ရော်နယ်ဒင်ဟို #အွန်နရီ #အိုဇေးလ် #ခရက်စပို