ရှေ့သို့
Image

ကက်ဂလီယာရီကို အနိုင်ရခဲ့တဲ့ပွဲမှာ လူကာကူနဲ့ ပါရီဒက်စ်တို့ကို ဝေဖန်လိုက်တဲ့ ဒီရော့ဆီ

10:29 AM, 7 February

ရိုးမားအသင်းနည်းပြ ဒန်နီရယ်ဒီရော့ဆီက  ကက်ဂလီယာရီကို ၄ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲမှာ လူကာကူနဲ့ ပါရီဒက်စ်တို့အတွဲကို ရူးသွပ်မှုအတွက် ဝေဖန်လိုက်ပါတယ်။

ဒီရော့ဆီဟာ မော်ရင်ဟိုနေရာကို အစားဝင်ပြီးကတည်းက ၃ ပွဲဆက်အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး ကက်ဂလီယာရီကို ဒိုင်ဘားလား၊ ပယ်လီဂရီနီ၊ ဟာဂျေဆန်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ရရှိခဲ့ပေမယ့်လည်း ဒီရော့ဆီက လူကာကူနဲ့ ပါရီဒက်စ်တို့ရဲ့ကွင်းတွင်းအပြုအမူကို မပျော်မရွှင်ဖြစ်နေပါတယ်။

ချဲလ်ဆီးနဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ပထမပိုင်းမှာ မီလ်နာနဲ့ မျက်နှာချင်းတိုက်ပြီး အချင်းများခဲ့သလို ပါရီဒက်စ်ကလည်း ပြိုင်ဘက်ကစားသမား နန်ဒက်ဇ်နဲ့အချင်းများခဲ့ကာ အဝါကတ်ပါရရှိခဲ့ပါတယ်။

“ကြည့်လိုက်ပါ။ အသင်းဖော်တွေကို အချင်းချင်းကာကွယ်ပေးတာကို ကျွန်တော် ကြိုက်ပါတယ်။ ဒါပေမယ့် အသင်းက ၄ ဂိုးပြတ်နေချိန်မှာ သူတို့အနေနဲ့ ဉာဏ်ရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အဲ့လိုမျိုးအပြုအမူတွေမလုပ်မိဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ၄ ဂိုးပြတ်နေချိန်မှာ အဝါကတ်ယူတာက တကယ့်ကို ရူးသွပ်တဲ့လုပ်ရပ်ပါ။ ကျွန်တော်တို့ ဒီလိုကစားသမားမျိုးတွေကို မဆုံးရှုံးချင်ပါဘူး။ ဒီကမ္ဘာပေါ်မှာ သူ့လိုအရည်အချင်းရှိတဲ့ကွင်းလယ်လူအနည်းငယ်ပဲရှိပါတယ်။ ဒါပေမယ့် သူ့နေရာမှာ သူတိုးတက်အောင်လုပ်ဖို့ လိုအပ်နေပါသေးတယ်။ ပြီးတော့ ကျွန်တော့်စကားလည်း နားထောင်ဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အဲ့တာနဲ့အကျွမ်းဝင်ပြီးသားဖြစ်တာကြောင့်ပါ”လို့ ဒီရော့ဆီက ပြောကြားခဲ့ပါတယ်။

ဒီရော့ဆီဟာ အသင်းကို အကောင်းဆုံးကိုင်တွယ်နေပြီး ၃ ပွဲဆက်အနိုင်နဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြန်လည်အသက်သွင်းနိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း အဆင့် ၄ နေရာက အတ္တလန္တာနဲ့ ၁ မှတ်အကွာ အဆင့် ၅ နေရာအထိ တက်ရောက်နိုင်ခဲ့ပါတယ်။

ဒီရော့ဆီရဲ့အသင်းဟာ စနေနေ့မှာ အင်တာမီလန်နဲ့ ကစားရမှာဖြစ်ပြီး လူကာကူ နဲ့ ပါရီဒက်စ်တို့ ပါဝင်လာဖွယ်ရှိနေပါတယ်။

#စီးရီးအေ #ရိုးမား #လူကာကူ #ကက်ဂလီယာရီ #ဒီရော့စီ #ပါရီဒက်စ်