ရှေ့သို့
Image

ဟောင်ကောင်နဲ့ပွဲကို လွဲချော်ခဲ့သော်လည်း တိုကျိုမှာ ခြေစမ်းမယ့်ပွဲမှာတော့ ပါဝင်နိုင်ဖို့ရှိနေတဲ့ မက်ဆီ

4:21 PM, 6 February

အင်တာမီယာမီတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပြီးခဲ့တဲ့ ဟောင်ကောင်နဲ့ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိသော်လည်း ယခုအခါမှာတော့ ကြံ့ခိုင်မှုပြန်လည် ပြည့်ဝလာပြီဖြစ်တာကြောင့် တိုကျိုမှာကျင်းပမယ့် ခြေစမ်းပွဲစဉ်မှာပြန်လည်ပါဝင်လာနိုင်ဖို့ အလားအလာရှိနေပါတယ်။

အာဂျင်တီးနားလက်ရွေးစင် ကစားသမားဟာ ဟောင်ကောင်နဲ့တွေ့ဆုံခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ အရန်ခုံမှာထိုင်နေခဲ့ပြီး ပါဝင်ကစားဖို့ပျက်ကွက်ခဲ့တာကြောင့် သူ့ကိုကြည့်ဖို့ တကူးတကကွင်းထဲရောက်လာခဲ့ကြတဲ့ တရုတ်ပရိသတ်ထောင်နဲ့ချီက ဒေါသပုန်ထခဲ့ကြပြီး ပွဲလက်မှတ်ဖိုးတွေပါ ပြန်တောင်းခဲ့ကြတယ်လို့သိရပါတယ်။ ဒါ့အပြင် အဆိုပါပွဲစဉ်မှာ မက်ဆီရဲ့အသင်းဖော် လူးဝစ်ဆွာရက်ဇ်ကလည်း အရန်ခုံမှာသာရှိနေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ အင်တာမီယာမီသို့ စတင်ရောက်ရှိလာခဲ့တဲ့ မက်ဆီဟာ မီဒီယာတွေနဲ့ ဆက်ဆံမှုနည်းပါးသော်လည်း ယခု တိုကျိုသို့ရောက်ရှိချိန်မှာတော့ သတင်းစာရှင်းလင်းပွဲကိုတက်ရောက်ခဲ့ပြီး နှိမ့်ချမှုကို ပြသခဲ့ပါတယ်။

မက်ဆီက စပိန်ဘာသာစကားနဲ့ “လွန်ခဲ့တဲ့ရက်အနည်းငယ်ကထက်စာရင် အခုချိန်မှာ ကျွန်တော် နေလို့ပိုကောင်းလာတယ်လို့ထင်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ပေါ်မှာလည်း မူတည်ပါတယ်။ ရိုးရိုးသားသားပြောရရင်တော့ ဒီပွဲကို ကန်နိုင်မလားမကန်နိုင်ဘူးလားဆိုတာ မသိသေးပါဘူး။ ဒါပေမယ့် အခုချိန်မှာတော့ ပိုကောင်းလာပြီလို့ခံစားရပြီး ဒီပွဲမှာ ပါဝင်ချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးမက်ဆီက ဟောင်ကောင်နဲ့ပွဲစဉ်မှာတုန်းက ပေါင်ခြံဒဏ်ရာကြောင့် ပါဝင်ကစားဖို့မဖြစ်နိုင်ခဲ့ဘူးလို့ရှင်းပြလာခဲ့ပါတယ်။ သို့သော်လည်း အချို့ကတော့ မက်ဆီအနေနဲ့ ကွင်းထဲမှာ မိနစ်အနည်းငယ်လောက်တော့ ကစားပေးသင့်တယ်လို့ အကြံပြုထားကြပါတယ်။

ကမ္ဘာ့ဖလားဆုရှင်က “တကယ်တော့ ဟောင်ကောင်နဲ့ပွဲမှာ မကစားဖြစ်ခဲ့တာက ကျွန်တော့်အတွက် အရမ်းကံကောင်းပါတယ်။ ကျွန်တော် တော်တော်လေးမသက်မသာဖြစ်ခဲ့ပြီး ကစားဖို့အရမ်းခက်ခဲနေခဲ့တာပါ။ ကံမကောင်းစွာနဲ့ပဲ ဘောလုံးကစားတာက ဒဏ်ရာရစေပါတယ်။ အသင်းမှာ ပါဝင်ချင်ပေမယ့် အဝေးကနေ ဒီပွဲကိုစိတ်လှုပ်ရှားမှုနဲ့ လာကြည့်တဲ့ပရိသတ်တွေအတွက် မပါဝင်နိုင်ခဲ့တာ မျက်နှာပျက်စရာပါ” လို့ ပြောကြားခဲ့ပါတယ်။

အင်တာမီယာမီဟာ အယ်လ်ဆာဗေးဒေါ၊ ဒါးလက်စ်၊ အယ်လ်ဟီလယ်၊ အယ်လ်နာဆာ၊ ဟောင်ကောင်တို့နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ် ၅ ပွဲမှာ ၁ ပွဲသာအနိုင်ရထားပြီး ၇ ဂိုး သွင်းယူကာ ၁၂ ဂိုးအထိ ခွင့်ပြုထားရပါတယ်။ ဖော့ဒ်ဟမ်းတက္ကသိုလ်မှ အားကစားနဲ့ ဥပဒေဆိုင်ရာသင်ကြားပို့ချသူ မက်ခ်ကွန်ရက်ဒ်က ဟောင်ကောင်မှာဖြစ်ပျက်ခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်ပြီး လက်မှတ်ဟာ ကစားပွဲအတွက်သက်သက်သာဖြစ်ပြီး ကစားသမား တစ်ဦးရဲ့ပါဝင်နိုင်မှုကို အာမခံနိုင်မှာမဟုတ်ကြောင်း ပရိသတ်တွေကို သတိပေးပြောကြားခဲ့ပါတယ်။

ကွန်ရက်ဒ်က “ပရိသတ်တွေ အနေနဲ့ မက်ဆီကိုတွေ့ရဖို့ လက်မှတ်တွေဝယ်ခဲ့ကြပေမယ့် လက်မှတ်ကပွဲကြည့်ဖို့သက်သက်ပါပဲ။ ကစာသမားတစ်ယောက်ကို ဒီလက်မှတ်နဲ့သွားကြည့်လို့ မရပါဘူး။ မက်ဆီရဲ့ပါဝင်မှုကြောင့် လက်မှတ်ရဲ့ ဈေးနှုန်းအပေါ် စိတ်ဝင်စားမှုတွေမြင့်တက်နေပေမယ့် အခုလို ကစားသမားရဲ့ ပျက်ကွက်မှုက အသင်းဘက်က ဥပဒေချိုးဖောက်တာမဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီကလည်း ဟောင်ကောင်မှာ နောက်တစ်ခေါက်လာရောက် ကစားနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ အင်တာမီယာမီစတားက “ကျွန်တော်တို့နောက်တစ်ခေါက်လာနိုင်မယ်ထင်ပါတယ်။ နောက်ထပ်တစ်ပွဲစီစဉ်ပြီး ဒီတစ်ခေါက်မှာတော့ ကျွန်တော် ပါဝင်နိုင်မှာပါ။ ကျွန်တော်တတ်နိုင်သလောက် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အခုလိုပါဝင်ဖို့ပျက်ကွက်ခဲ့တာရှက်စရာပါ” လို့ ပြောကြားခဲ့ပါတယ်။

#မက်ဆီ #အင်တာမီယာမီ #ခြေစမ်းပွဲ