ရှေ့သို့
Image

အနည်းဆုံးရက်သတ္တပတ် ရှစ်ပတ်အထိ အနားယူရမယ့် လီဆန်ဒရိုမာတီနက်ဇ်

12:37 PM, 6 February

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ အနည်းဆုံးသီတင်းပတ်ရှစ်ပတ်ကြာ အနားယူရပါလိမ့်မယ်။ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်အတွင်း ပြိုင်ဘက်ကစားသမားကူဖယ်လ်နဲ့ ဘောလုံးယှဉ်လုချိန် ဟန်ချက်ပျက်သွားတဲ့ မာတီနက်ဇ်ဟာ ညာဘက်ဒူးဒဏ်ရာ ရရှိသွားပါတယ်။

ယူနိုက်တက်နောက်ခံလူက ဆေးကုသမှုအနည်းငယ်ခံယူပြီး ပွဲကိုဆက်ကစားခဲ့ပေမယ့် နောက်တစ်ကြိမ်ထပ်မံလဲကျသွားခဲ့ပြီး ချက်ချင်းဆိုသလို ဗာရာနီနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ မာတီနက်ဇ်ကို ဓါတ်မှန်ရိုက်စစ်ဆေးခဲ့ပြီး သူ့ရဲ့ဒဏ်ရာအခြေအနေကို အတည်ပြုနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ထုတ်ပြန်ချက်တစ်ခုမှာ “လီဆန်ဒရိုမာတီနက်ဇ်က အလယ်အလတ်အဆင့်ရှိတဲ့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာတစ်ခုကို ခံစားခဲ့ရပြီး အနည်းဆုံး သီတင်းပတ် ရှစ်ပတ် အနားယူရမယ်လို့ မျှော်လင့်ရပါတယ်။ မာတီနက်ဇ် အမြန်ဆုံးသက်သာပျောက်ကင်းလာဖို့ အသင်းဘက်က ဆုတောင်းပေးနေပြီး အခုဘောလုံးရာသီနှောင်းပိုင်း၊ ကွင်းတွင်းမှာ သူ့ကိုပြန်လည်မြင်တွေ့ခွင့်ရရှိဖို့ မျှော်လင့်နေကြပါတယ်”လို့ ဖော်ပြထားပါတယ်။

မာတီနက်ဇ်က ခွဲစိတ်ကုသမှုခံယူဖို့ မလိုအပ်ပေမယ့် ဒဏ်ရာကြောင့် အနည်းဆုံးပွဲစဉ်ကိုးခုကို လွဲချော်ဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ဧပြီလအတွင်း ဆီဗီလာနဲ့ရင်ဆိုင်ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်တစ်ခုမှာ ခြေထောက်ကျိုးဒဏ်ရာရရှိလို့ ဒုတိယမြောက်ခွဲစိတ်ကုသမှုခံယူပြီးနောက် လေးလကြာ အနားယူခဲ့ရတဲ့ မာတီနက်ဇ်က ယူနိုက်တက်ရဲ့နောက်ဆုံးပွဲစဉ်လေးခုကို ပါဝင်ကစားပေးခဲ့ပါတယ်။ ဒီပွဲစဉ်တွေအနက် သုံးပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့တာပါ။

လက်ရှိမှာ ယူနိုက်တက်အတွက် မာတီနက်ဇ်နေရာအစားထိုးနိုင်ဖို့ အသင်းလူစာရင်းဆီ မက်ဂွါရီ၊ လင်ဒီလော့ဖ်နဲ့ လုခ်ရှောတို့ ပြန်လည်ပါဝင်လာခဲ့ပါပြီ။ ဒါ့အပြင် ဝါရင့်ကစားသမားအီဗန်စ်ကလည်း ဘယ်ခြမ်းဗဟိုခံစစ်မှူးစစ်စစ်ဖြစ်လို့ အသင့်ပါဝင်ကစားပေးနိုင်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝက်စ်ဟမ်း #မာတီနက်ဇ် #ပရီးမီးယားလိဂ်