ရှေ့သို့
Image

အာဆင်နယ်နဲ့ ပွဲစဉ်အတွင်း အမှားအတွက် သူ့ကိုသာအပြစ်တင်ကြဖို့ တောင်းဆိုလိုက်တဲ့ ဗန်ဒိုက်

1:23 PM, 5 February

ဒီနေ့မနက်ပိုင်း၊ အမ်းမရိတ်စ်ကွင်းကြီးအတွင်း အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ သူနဲ့ ဂိုးသမား အလီဆင်တို့ ပါဝင်ပတ်သက်တဲ့ ဆိုးရွားတဲ့အမှားတစ်ခုအတွက် လီဗာပူး ကပ္ပတိန်ဗန်ဒိုက်က အပြည့်အဝတာဝန်ယူလိုက်ပါတယ်။ အခုပွဲစဉ်မှာ အာဆင်နယ်က ၃-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးနဲ့ ရမှတ်ကွာဟမှုကို နှစ်မှတ်အထိ လျှော့ချသွားနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အစောပိုင်းမှာပဲ ဆာကာရဲ့သွင်းဂိုးနဲ့အတူ ဂန်းနားတို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်း ပွဲချိန်မပြီးဆုံးခင်မှာပဲ မာဂယ်ဟေးစ်ရဲ့ O.G ဖြင့် လီဗာပူးကို ချေပဂိုးပြန်ပေးခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ပွဲချိန်မှာတော့ ဗန်ဒိုက်၊ အလီဆင်တို့အကြား နားလည်မှုလွဲမှားရာမှတဆင့် အာဆင်နယ်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ပြိုင်ဘက်အသင်းကစားသမားတွေရဲ့အမှားကို အကောင်းဆုံးအသုံးချကာ မာတင်နယ်လီက ဂိုးပေါက်လွတ်ဆီ ကန်သွင်းယူခဲ့ပါတယ်။

ပွဲစဉ်အပြီး လီဗာပူးကပ္ပတိန်ဗန်ဒိုက်က ဘောလုံးကို ချက်ချင်းရှင်းထုတ်ပစ်ဖို့ မလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်အမှားနဲ့ပတ်သက်လို့ ဝန်ခံလိုက်ပြီး နာကျင်စရာအခိုက်အတန့်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

သူက “ခက်ခဲတဲ့ နေ့ရက်တစ်ခုပါပဲ။ အာဆင်နယ်ရဲ့ ဒုတိယမြောက်ဂိုးအတွက် ကျွန်တော့်မှာပဲ တာဝန်အပြည့်ရှိပါတယ်။ ကျွန်တော်က ဒီထက်ပိုကောင်းအောင် လုပ်ခဲ့သင့်သလို ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကိုလည်း ချမှတ်ခဲ့သင့်ပါတယ်။ နာကျင်ရပါတယ်။ အထူးသဖြင့် ကျွန်တော့်အတွက်ဆိုပေမယ့် ကျန်အသင်းဖော်တွေလည်း အလားတူဖြစ်ခဲ့ပါတယ်။ ဒါက အခုပွဲစဉ်အတွက် ကြီးမားတဲ့အလှည့်အပြောင်းတစ်ခုပါ။ ကျွန်တော်တို့ ပွဲကို လွှမ်းမိုးထားနိုင်ပြီး အခွင့်အရေးတွေလည်း ရရှိခဲ့ပါတယ်။ အမ်းမရိတ်စ်ကွင်းကြီးအတွင်း အားပေးမှုပုံစံတွေကတော့ နည်းနည်းရင်ဖိုစရာကောင်းပါတယ်။ အခုလိုကြီးမားတဲ့ အလှည့်အပြောင်းတစ်ခု မဖြစ်ပေါ်လာခင်အထိ ကျွန်တော်တို့က ဒုတိယပိုင်း ပွဲချိန်တွေမှာ ပွဲကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။ ကျွန်တော် ဒီဘောလုံးကို ရှင်းထုတ်လိုက်သင့်ပေမယ့် မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကို လုပ်မိခဲ့ပါတယ်။ ဒါမျိုးတွေက မကြာခဏဖြစ်လေ့ဖြစ်ထရှိတာမျိုး မဟုတ်ပေမယ့် ကျွန်တော် အပြည့်အဝတာဝန်ယူပြီး အဖတ်ဆယ်နိုင်ဖို့ လုပ်ဆောင်သွားပါမယ်။ ကျွန်တော့်မှာ ဆင်ခြေပေးသွားဖို့ မရှိပါဘူး။ ဒါမျိုးက စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်ချရတာပါ။ ကျွန်တော်ကတော့ ဘော်ဒီခုပြီး ဘောလုံးလမ်းကြောင်းကို ကာထားဖို့ ရွေးချယ်ခဲ့ပါတယ်။ ကျန်တာကတော့ အခုအတိုင်း ဖြစ်သွားတာပါပဲ။ ဒါပေမယ့် အခုလိုအမှားမျိုး နောက်တစ်ကြိမ်မဖြစ်အောင် ကျွန်တော် ကြိုးစားသွားပါမယ်”လို့ ပြောပါတယ်။

#လီဗာပူး #အာဆင်နယ် #ဗန်ဒိုက် #ပရီးမီးယားလိဂ်