ရှေ့သို့
Image

ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ချိတ်ဆက်မှုတွေကြားမှာ လက်ရှိကလပ် အယ်လ်အစ်တီဟတ်နဲ့ အပြင်းအထန်ဆွေးနွေးဖို့ပြင်ဆင်နေတဲ့ ဘန်ဇီးမား

1:56 PM, 2 February

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွေ့မှာ ဆော်ဒီမြေကနေ ထွက်ခွာတော့မယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ယခုအခါမှာ အယ်လ်အစ်တီဟတ် ကာရင်ဘန်ဇီးမားဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အသင်းနဲ့အပြင်းအထန်ဆွေးနွေးဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။ အသက်-၃၆ နှစ်အရွယ် ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းဟာ အပြောင်းအရွှေ့ကာလအတွင်းမှာ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတွေထံမှ ချိတ်ဆက်မှုတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သော်လည်း အပြောင်းအရွှေ့ပေါ်ပေါက်လာခြင်းမရှိတာကြောင့် ရာသီကုန်အထိ ဆော်ဒီကလပ်မှာ ကျန်ရှိနေဦးမှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီမှာ ဆော်ဒီကလပ်ကိုပြောင်းရွှေ့လာခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းမှာရုန်းကန်နေရတဲ့ ဘန်ဇီးမားဟာ မွေးရပ်မြေပြင်သစ်ကလပ်တစ်ခုဖြစ်တဲ့ လိုင်ယွန်သို့ပြောင်းရွှေ့တော့မယ်လို့လည်း သတင်းတွေကဖော်ပြလာကြတာဖြစ်ပါတယ်။သို့သော်လည်း CBS Sports မှ သတင်းထောက်ယာကော့ဘ်ရဲ့အဆိုအရ အယ်လ်အစ်တီဟတ်အသင်းဟာ ဘန်ဇီမာကို အသင်းမှာဆက်လက်ထိန်းသိမ်းလိုနေကြောင်းကို “အယ်လ်အစ်တီဟတ်နဲ့ ကစားသမားအတွက်သဘောတူညီမှုမှာပါဝင်တဲ့လူတွေက သူ့ကို အသင်းမှာ နောက်တစ်ရာသီ ဆက်ကစားစေချင်နေပါတယ်။ သူ့ကိုအသင်းကနေထွက်ခွာဖို့ မီးစိမ်းပြမှာမဟုတ်ပါဘူး” 

“လိုင်ယွန်က ဘန်ဇီးမားကို ခေါ်ယူချင်ခဲ့ပေမယ့် ကစားသမားအနေနဲ့ ကြီးမားတဲ့လစာပမာဏကိုဖြတ်တောက်ခံသွားရမှာပါ။  အစ်တီဟတ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေအရ အသင်းက ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆိုပယ်ချသွားဖို့ရှိတယ်လို့သိရပါတယ်။ ပြီးတော့ ပရီးမီးယားလိဂ်အသင်းတွေကလည်း ခိုင်မာတဲ့ကမ်းလှမ်းမှုမျိုးကို မလုပ်ရသေးပါဘူး” လို့ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ဆော်ဒီကလပ်သို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာခဲ့တဲ့ ဘန်ဇီးမားဟာ ၂၀၂၆ ခုနှစ်အထိ ၃ နှစ်စာချုပ်ချုပ်ဆိုထားပြီး လက်ရှိကစားထားတဲ့ ပွဲ ၂၀ မှာ ၁၂ ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ 

သို့သော်လည်း အယ်လ်အစ်တီဟတ်အသင်းဟာ လက်ရှိဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားထိပ်ဆုံးကအသင်းနဲ့ ၂၅ မှတ်အထိကွာဟနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အာရှဖလားပြိုင်ပွဲကြောင့် လိဂ်ရဲ့ပွဲစဉ်တွေကို ခေတ္တရပ်နားထားပါတယ်။ အင်္ဂလိပ်ကလပ်တွေနဲ့ ပြင်သစ်ကလပ်တွေသာမက ဘယ်ကလပ်ကပဲ ဘန်ဇီးမားအတွက် ကမ်းလှမ်းမှုပြုလုပ်လာပါစေ ဆော်ဒီကလပ်ဟာ ပယ်ချဖို့အတွက် အဆင့်သင့်ရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်တိုက်စစ်မှူး အန်တိုနီမာရှယ်ဟာ ပေါင်ခြံဒဏ်ရာခွဲစိတ်ကုသပြီးနောက်မှာ ၁၀ ပတ်ခန့်အနားယူရမှာဖြစ်တာကြောင့် အသင်းအနေနဲ့ အရန်တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ လိုအပ်နေသော်လည်း ဘန်ဇီးမားက ဆော်ဒီမှာဆက်နေဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ဇန်နဝါရီပြောင်းအရွှေ့ကာလအတွင်းမှာ အခြားပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ချဲလ်ဆီးတို့ကလည်း ဘန်ဇီးမားကို ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ကြပေမယ့် သဘောတူညီမှုမရရှိခဲ့ပါဘူး။


#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #ဘန်ဇီးမား #ပရီးမီးယားလိဂ်