ရှေ့သို့
Image

ဖူလ်ဟမ်ဆီ ရာသီကုန်အထိ အငှားဖြင့်ပြောင်းရွှေ့သွားတဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဘရိုဂျာ

9:14 AM, 2 February

အခုဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးအချိန်မှာပဲ ချဲလ်ဆီးတိုက်စစ်မှူး ဘရိုဂျာက လန်ဒန်မြို့ခံကလပ်အသင်းတစ်ခုဖြစ်တဲ့ ဖူလ်ဟမ်ဆီ အငှားဖြင့် ပြောင်းရွှေ့ရောက်ရှိသွားပါတယ်။

ဒီအပြောင်းအရွှေ့ကို တရားဝင်အတည်ပြုနိုင်ဖို့ အပြောင်းအရွှေ့ဈေးကွက်ပိတ်ပြီး တစ်နာရီကျော်ကြာအထိ စောင့်ဆိုင်းပေးခဲ့ရကာ ချဲလ်ဆီးအသင်းရဲ့ သတင်းထုတ်ပြန်ချက်နဲ့အတူ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဖူလ်ဟမ်က အနောက်လန်ဒန်အိမ်နီးချင်းကလပ်အသင်းရဲ့တိုက်စစ်မှူးကို ရာသီကုန်အထိ အငှားဖြင့် ခေါ်ယူနိုင်ဖို့ ဝုဗ်နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ပေါင် ၄ သန်းတန် သဘောတူညီမှုတစ်ခုကို အပြီးသတ်ရယူနိုင်ခဲ့ပါတယ်။

ဘရိုဂျာသာ အငှားစာချုပ်ကာလအတွင်း ဖူလ်ဟမ်အသင်းရဲ့ လက်ကျန်ပွဲစဉ်တွေအနက် ပွဲစဉ်ထက်ဝက်ကျော်ကို ကစားခွင့်ရရှိမယ်ဆိုရင် အခုအငှားစာချုပ်တန်ကြေးကို လျှော့ချပေးသွားမယ်လို့လည်း သိရပါတယ်။ ပိုချက်တီနိုရဲ့အသင်းမှာ ပွဲထွက်ခွင့်တစ်နေရာရရှိဖို့ ရုန်းကန်ခဲ့ရပြီးနောက် လူငယ်ကစားသမားလေးကို အဖိုးတန်ပွဲကစားချိန်တွေ ပေးအပ်နိုင်ဖို့ ချဲလ်ဆီးက ရည်မှန်းထားခဲ့ပါတယ်။

ဘရိုဂျာက “အံ့သြစရာခံစားချက်ပါပဲ။ ဒီအသင်းမှာ ရှိနေရလို့ ကျွန်တော် ပျော်ရွှင်မိသလို ပွဲထွက်ခွင့်ရရှိဖို့၊ အသင်းဖော်တွေနဲ့ နည်းပြတို့ကို တွေ့ရဖို့၊ ပရိသတ်တွေအတွက် ကစားပေးရဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ပရိသတ်တွေက အသင်းအတွက် အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ကာရာဗန်ကော့တေ့ချ်ကွင်းကြီးမှာ သူတို့တွေနဲ့တွေ့ရဖို့ ကျွန်တော် မစောင့်ဆိုင်းနိုင်တော့ပါဘူး။ အသင်းအတွက် အပြင်းအထန်ကြိုးစားအားထုတ်ပြီး စစ်မှတ်တဲ့ သံယောဇဉ်နှောင်ကြိုးတွေ ဖန်တီးသွားပါမယ်။ ဒီအသင်းနဲ့အတူ ရှိနေခွင့်ရရှိလို့ ကျွန်တော် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်”လို့ ပြောပါတယ်။

ချဲလ်ဆီးအသင်းဘက်ကလည်း ဖူလ်ဟမ်အငှားကစားသမားဘဝမှာ ပုံမှန်ပွဲကစားချိန်ရရှိပြီး ခြေစွမ်းပြနိုင်ရင် သင့်တင့်တဲ့နှုန်းထားတစ်ရပ်ဖြင့် လာမယ့်နွေရာသီဈေးကွက်ကာလအတွင်း ဘရိုဂျာကို ရောင်းချသွားဖို့ လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။

ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားက ပြီးခဲ့တဲ့နွေရာသီမှာ အားထားရတဲ့တိုက်စစ်မှူး မီထရိုဗစ်ကို လက်လွှတ်ခဲ့ရပြီးနောက် လတ်တလောမှာလည်း အဓိကတိုက်စစ်မှူး ဂျီမင်နက်ဇ်ကို တံကောက်ကြောဒဏ်ရာကြောင့် ဆုံးရှုံးထားရပြန်ပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #ဘရိုဂျာ #ဖူလ်ဟမ်